ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းစ ပြုလာလျှင် နောက်ထပ်ပြဿနာအသစ်တစ်ခု
ထပ်မံဖြစ်ပေါ်လာလေ့ရှိသည်ကို သတိရှိရှိ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း
ဇန်နဝါရီလ ၃ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်အစည်းအဝေးခန်းမ၌
ကျင်းပခဲ့သော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး
ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အဆိုပါကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏
လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၃ ရက်နေ့က ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အရေးကိစ္စသည် များစွာ သိမ်မွေ့နက်နဲ ကျယ်ပြန့်ပြီး အရေးကြီးသည့်အတွက်
အစိုးရသစ် လက်ထက် မေလကုန်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု
အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါက်တာ ကိုဖီအာနန်
ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ယခင်ကတည်းက ဖွဲ့စည်းခဲ့ခြင်း
ဖြစ်ကြောင်း၊ အောက်တိုဘာလ ၉ ရက် နေ့တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပေါ်လာခဲ့ပြီးနောက်
မောင်တောဒေသအရေးကိစ္စ ရှေ့တန်းရောက် လာခဲ့ကြောင်း၊ မောင်တောဒေသ
တည်ငြိမ်အေးချမ်းရေးကို လတ်တလော ဦးစားပေး ဆောင်ရွက်လျက်ရှိသော်လည်း
ရခိုင်ပြည်နယ်တစ်ခုလုံး အရေးကိစ္စကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း၊ အခြေအနေများကို
လေ့လာကြည့်လျှင် တည်ငြိမ်အေးချမ်းစ ပြုလာလျှင် နောက်ထပ် ပြဿနာအသစ်တစ်ခု
ထပ်မံ ဖြစ်ပေါ်လာလေ့ရှိသည်ကို သတိရှိရှိ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြဿနာများ
ဖြစ်ပေါ်လာလျှင် မှန်ကန်သည့် လမ်းကြောင်းပေါ်မှ ရပ်တည်ဖြေရှင်းဆောင်ရွက်သွားရမည်သာ
ဖြစ်ကြောင်း၊ စွပ်စွဲပြောကြားမှုများကို လက်တွေ့လုပ်ဆောင်ချက်များကို အခြေခံသည့် အမှန်တရားဖြင့်
တုံ့ပြန်သွားရန် ဖြစ်ကြောင်း၊ ဗဟိုကော်မတီ အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို
အဆင့်ဆင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ရန် ဖြစ်ကြောင်း
ပြောကြားခဲ့သည်။










