မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ့အလိုအလျောက် ကုန်ပစ္စည်း
ရှင်းလင်းရေးစနစ် စတင် အသုံးပြုခြင်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့၊
ချက်ထရီယမ်ဟိုတယ်၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဇန်နဝါရီလ ၉ ရက်နေ့က ဖော်ပြထားသည်။
စတင်အသုံးပြုခဲ့စဉ်က စနစ်နှင့် အကျွမ်းဝင်ခြင်းမရှိသေးသည့် အတွက် အခက်အခဲ၊ နှောင့်နှေးမှုများ
ရှိခဲ့သော်လည်း ပူးပေါင်း ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သွင်းကုန်၊ ထုတ်ကုန်ရှင်းလင်းရေး
လုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့် ၂၄ နာရီပတ်လုံး လည် ပတ်ဆောင်ရွက်သွားမည့် စနစ်ဖြစ်သည့်
အတွက် အချိန်ကုန် သက်သာခြင်း၊ လွယ်ကူလျင်မြန်လာခြင်း၊ ကုန်သွယ်မှုလုပ်ငန်း စဉ်နှင့်
ပတ်သက်သည့် ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ နိုင်ငံ တကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဖြစ်စေခြင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ
ရရှိလာနိုင်မည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ MACCS စနစ်ကို ပြီးခဲ့သည့် ၂ဝ၁၆ သြဂုတ်လမှ စတင် ကာ စမ်းသပ်အသုံးပြုခဲ့ပြီး
အပြည့်အဝ အသုံးပြုမှုကို ရန်ကုန် ဧရိယာတွင် နိုဝင်ဘာလအတွင်းက စတင်ခဲ့ကြောင်း၊
လာမည့် ၂ဝ၁၈ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်တွင်သာမက နယ်စပ်ဒေသ ကုန်သွယ်မှု
လျင်မြန်ချောမွေ့စေရေးအတွက် တိုးချဲ့အသုံးပြုသွား နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် နှစ်ပေါင်း ၃ဝ ကျော် အသုံးပြုလာခဲ့သည့် ဂျပန်နည်းပညာအခြေခံ MACCS
စနစ်နှင့် Myanmar Customs Intelligence System (MICS) စနစ်ကို ဂျပန်နိုင်ငံအစိုးရ၏
ဘဏ္ဍာရေးအကူအညီ ဂျပန်ယန်း သန်း ၃၉၉ဝ ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။









