စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ အနောက်မြောက်ဘက် မိုင် ၆ဝ ခန့် အကွာတွင် တည်ရှိသည့်
အလောင်းတော်ကဿပ သို့ ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းပြီး စိတ်အေး ချမ်းမြေ့စွာ
လာရောက်ဖူးမြော်နိုင်ရေး အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ်ဆေးဘုရား
ရာသီလမ်း ဖွင့်ပွဲကို ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာတွင် ဇန်နဝါရီ ရ ရက်က ကျင်းပခဲ့ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု ကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၉ ရက်နေ့က ဖော်ပြထား
သည်။
ဘုရားဖူးများသည် ရှင်မဟာကဿပရဟန္တာမထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော် ကိန်းဝပ်စံပယ်ရာ
လိုဏ်ဂူတော်သို့ သွားရာ လမ်းတွင် ဆင်လိမ္မာကြီးများကို စီး၍လည်းကောင်း၊ ချစ်စဖွယ်
ဆင်ပေါက်လေးများနှင့် တွဲ၍လည်းကောင်း အမှတ်တရဓာတ်ပုံ များ ရိုက်ကူးနိုင်ပေသည်။
စံကျောင်း တော်အတွင်း၌မူ မြောက် အရပ်သို့ ဦးခေါင်းပြုကာ လက်ယာနံတောင်းစောင်းလျက်
ညောင်စောင်းထက်၌ ပရိနိဗ္ဗာန်ပြုတော်မူဟန် ထုလုပ်ပူဇော်ထား သော ရှင်မဟာ
ကဿပမထေရ်မြတ်ကြီး၏ ရုပ်ပွားတော်ကို ဖူးတွေ့ နိုင်ပြီး ထိုမှတစ်ဆင့် ရုပ်ကလာပ်တော်အစစ်
ကိန်းဝပ်စံပယ်ရာ ကျောက်လိုဏ်ဂူတော်သို့ သွားရောက်ဖူးမြော်လေ့လာနိုင်ကြောင်း သိရသည်။
အဆိုပါ အလောင်းတော်ကဿပသို့ မော်တော်ကားဖြင့် ဘုရားဖူး လာရောက်ကြရာတွင်
မုံရွာ - တရော် ကျင်း- ညောင်ကိုင်း- ကပိုင် - အလောင်းတော်လမ်းနှင့် မုံရွာ- ယင်းမာပင်-
ဇီးတော - ကပိုင် - အလောင်းတော်လမ်းတို့မှ သွားရောက်မှုများပြားပြီး ကျန်လမ်းများဖြစ်သည့်
ယင်းမာပင် - လည်ငေါက် - ကပိုင်- အလောင်းတော်လမ်း၊ ယင်းမာပင်-ပြန်လှည့်-တရော်ကျင်း-
ကပိုင်- အလောင်းတော်လမ်းနှင့် ယင်းမာပင်-စားတော်ပြင်- ကုန်းရွာ-ကပိုင်-
အလောင်းတော်လမ်းတို့မှလည်း သွား ရောက်နိုင်ကြောင်းနှင့် အလောင်းတော်ကဿပ
ဘုရားဖူးရာသီ တွင် မုံရွာမြို့မှ အလောင်းတော်ကဿပအထိ မော်တော်ယာဉ် အသင်းများမှလည်း
တိုက်ရိုက်ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။
ဓာတ်ပုံ - MOI Webportal Myanmar










