ရွှေသံလွင်နှင့် ဂျပန်လုပ်ငန်းစု ANA တို့ ဖက်စပ်လုပ်ကိုင်မည့် လေကြောင်းလိုင်းသစ်သည်
၂ဝ၁၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ စတင်ပျံသန်းမည်ဖြစ်ကြောင်း ANA လုပ်ငန်းစုမှ
တာဝန်ရှိသူ Shinya katanozaka ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
ဇန်နဝါရီလ ၉ ရက်က ဖော်ပြထားသည်။
အဆိုပါ လေကြောင်းလိုင်းသစ် စတင်တည်ထောင်ရန် ဂျပန် လုပ်ငန်းစုက ၄၉ ရာခိုင်နှုန်း
ရင်းနှီးမြှုပ်နှံခွင့် ရရှိထားပြီး ရွှေသံလွင်လုပ်ငန်းစုက ၅၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်
ရရှိမည်ဖြစ်သည်။
လေကြောင်းလိုင်းသစ်အတွက် ရင်းနှီးမြှုပ်နှံခွင့်ကို ခွင့်ပြုမိန့်ရပြီးနောက် Asian Blue ဟူသည့်
အမည်ဖြင့် အမေရိကန်ဒေါ်လာ နိုင်ငံတကာပျံသန်းမှု စတင်ရန် လိုအပ်သော အခြေခံအုတ်မြစ်ချခြင်းကို
တစ်နှစ်ခွဲကျော် အချိန်ယူ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းလိုင်းသစ်အတွက် သုံးစွဲမည့် လေယာဉ်အမျိုးအစား မှာယူခြင်း သို့မဟုတ် ငှားရမ်းခြင်း၊
လေကြောင်းလိုင်းကုမ္ပဏီရုံးချုပ်၏ အုပ်ချုပ်မှုအဖွဲ့အစည်းများကို တာဝန်ပေးအပ်ခြင်း၊ ပျံသန်းမည့်
ဈေးကွက်ကို ဦးတည် ရှာဖွေခြင်းနှင့် အခြားပြင်ဆင်သင့်သည်များကို ဆောင်ရွက်နိုင်ရန်အတွက်
တစ်နှစ်ခွဲကျော် အချိန်ယူလုပ်ဆောင်ရခြင်း ဖြစ်သည်။
ဂျပန်လုပ်ငန်းစု ANA သည် ယခင်က မြန်မာနိုင်ငံဘက်မှ Asian Wings လေကြောင်းလိုင်းနှင့်
အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့်
လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသဖြင့် ရွှေသံလွင်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၂ဝ၁၈ ခုနှစ်တွင်
လေကြောင်းလိုင်းသစ် ပျံသန်းရာ၌ အနည်းဆုံး လေယာဉ်နှစ်စင်းဖြင့် စတင် ပျံသန်းနိုင်ရန်
ပြင်ဆင်ထားကြောင်း သိရသည်။





