မြန်မာနိုင်ငံမှ စုစည်းထားသည့် ရှေးဟောင်းဂန္တဝင်ကားပြပွဲကို ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင်
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဒုတိယအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ပြပွဲကို ဦးဆောင်ကျင်းပမည့်
မြန်မာနိုင်ငံ ရှေးဟောင်း ကားချစ်သူများ ကလပ်မှ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၁၀ ရက်က ဖော်ပြထားသည်။
ယခုနှစ်ပြပွဲတွင် စုစုပေါင်း ကားအစီးရေ ၃ဝ ကျော် ပါဝင်ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကားချစ်သူများ
စုစည်းထားသည့် ကားများထဲတွင် ရှားပါးစာရင်းဝင် ကားများအဖြစ် သတ်မှတ်ထားသည့် ဒေါ့ဂျစ်၊
ချက်ကာ မာရသွန်၊ ဗဲလန့်၊ ဗီလား၊ အန်ပလာ နှင့် ကယ်ဒီလက်စ် ဒီဗီလာ စသည့် ကားများ
ပါဝင်ကြောင်း၊ ကားပြပွဲတွင် ရှေးဟောင်း ကားများအပြင် ရှေးဟောင်းပစ္စည်းများနှင့် ပတ်သက်၍
စုဆောင်းထားရှိသူများလည်း လာရောက် ပြသနိုင်ပြီး ဝါသနာရှင်အချင်းချင်း
လဲလှယ်ရောင်းချနိုင်ကြောင်း သိရသည်။
ပြုပြင်ထိန်းသိမ်းလိုသူ နည်းပါးသဖြင့် အရည်ကျိုခြင်းနှင့် တရုတ်နိုင်ငံသို့ ပြန်လည်ရောင်းချခြင်းများ
ပြုလုပ်နေကြခြင်းကြောင့် မြန်မာနိုင်ငံမှ ရှေးဟောင်း တန်ဖိုးကြီးကား အများစုမှာ ဆုံးရှုံးမှုများ ရှိခဲ့သည်။
ယနေ့အထိ ထိန်းသိမ်းထားသည့် ကားများတွင် အမေရိကန်သံအမတ်ကြီးစီးခဲ့သည့် ချက်ကာမာရသွန်၊
အိန္ဒိယသံအမတ်ကြီး စီးခဲ့သည့် အန်ပလာနှင့် နှစ်ပေါင်း ၈ဝ ကျော်က ကားလောက၌ နာမည်ကြီးသည့်
ဒီဆိုတို မောရင့်ဗဲလန့်ကားများ ပါ၀င်သည်ဟု ဆိုသည်။










