မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ရှောင်မိသားစုများအား မစ္စရန်ဟီလီနှင့် အဖွဲ့တွေ့ဆုံခဲ့

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ရှောင်မိသားစုများအား မစ္စရန်ဟီလီနှင့် အဖွဲ့တွေ့ဆုံခဲ့

 

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူအခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ
မစ္စရန်ဟီလီနှင့် အဖွဲ့သည် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ IDP စခန်းများမှ စစ်ရှောင်
မိသားစုများနှင့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တွေ့ဆုံ ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာ တွင် ဇန်နဝါရီလ ၁၁ ရက်နေ့က ဖော်ပြထားသည်။

မစ္စရန်ဟီလီနှင့် အဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားနှစ်ခြင်း ခရစ်ယာန်အသင်းတော်
ဖွံ့ဖြိုးရေးဝင်းအတွင်းရှိ စစ်ရှောင် စခန်းနှင့် မိုင်းနား RC အသင်းတော်ဝင်းအတွင်းရှိ စစ်ရှောင်
စခန်းများသို့ သွား ရောက်ခဲ့ကြောင်း၊ မိသားစုများအား တွေ့ ဆုံအားပေးကာ
စစ်ရှောင်စခန်းနေအိမ်များကို လှည့်လည် ကြည့်ရှုပြီး မိသားစုဝင်အချို့နှင့် သီးခြားစီ
တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့နောက် မြစ်ကြီးနားမြို့၊ ဂျာမိုင်ကောင်းရပ်ကွက်ရှိ RC အသင်းတော် စစ်ရှောင်စခန်းသို့
သွားရောက် ပြီး စစ်ရှောင် မိသားစုဝင်တချို့နှင့် သီးခြားတွေ့ဆုံကာ မိသားစုများအား
တွေ့ဆုံအားပေးခဲ့သည်ဟု ဆိုသည်။ မစ္စရန်ဟီလီသည် မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာခက်အောင်၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြစ်ကြီးနားမြို့မှ ရန်ကုန်သို့ လေကြောင်းခရီးဖြင့်
ပြန်လည်ထွက်ခွာသွားကြောင်း ဖော်ပြထားသည်။