ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဥပဒေနှင့်မညီသည့် လုပ်ငန်းများကို စီမံချက်ချ၍ ရှင်းလင်းမည်

ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဥပဒေနှင့်မညီသည့် လုပ်ငန်းများကို စီမံချက်ချ၍ ရှင်းလင်းမည်

 

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဥပဒေနှင့် မညီသည့် လုပ်ငန်းများကို
စီမံချက်ချမှတ်၍ ပူးပေါင်းအဖွဲ့များဖြင့် ရှင်းလင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း၏ ပြောကြားချက်ကို ကိုးကား
ကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၁၂ ရက်နေ့က
ဖော်ပြထားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်ကြောရှင်းလင်းခြင်း၊ စည်းကမ်းမဲ့ ပျံကျဈေးသည်များနှင့် ပစ္စည်းစုပုံသူ
များအား စည်းကမ်းထိန်းသိမ်းခြင်း၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် ဒုစရိုက်လုပ်ငန်းများ ပပျောက်ရေး
အတွက် ဆောင်ရွက်ခြင်းတို့ကို စီမံချက်ချမှတ်၍ ဇန်နဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ ပူးပေါင်းအဖွဲ့များ
ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ ဘုရင့်နောင်ပွဲရုံဝင်းအတွင်း၌ လက်ရှိကာလ လုံခြုံရေးဆောင်ရွက်မှုအနေဖြင့် နယ်မြေခံ
ရဲ တပ်ဖွဲ့ဝင်များ၊ ဘုရင့်နောင်ပွဲရုံသာယာရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၊ အရန်မီးသတ်
တပ်ဖွဲ့ဝင်များအပါအဝင် အင်အား ၁၇၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိပြီး စီမံချက်ကာလတွင်
ရဲတပ်ရင်းမှ ရဲတပ်ဖွဲ့ဝင်များဖြင့် အင်အားဖြည့်တင်း၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။