သီတဂူဆရာတော် သက်တော် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ် ကြေးသွန်း ခေါင်းလောင်းကြီး စတင် သွန်းလောင်း

သီတဂူဆရာတော် သက်တော် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ် ကြေးသွန်း ခေါင်းလောင်းကြီး စတင် သွန်းလောင်း

သီတဂူဆရာတော်ကြီး သက်တော် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့
သီတဂူဝိပဿနာရိပ်သာ၌ ထားရှိပူဇော်ရန် ကြေးပိဿာချိန် ၈၀၀၀ ရှိ ကြေးသွန်းခေါင်းလောင်း
ကြီးကို ဇန်နဝါရီ ၁၁ ရက် နံနက် ၃ နာရီက စတင်သွန်းလောင်းခဲ့ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၁၁ ရက်နေ့က ဖော်ပြထားသည်။

အဆိုပါ ကြေးသွန်းခေါင်းလောင်းကြီးအား ပုသိမ်ကြီးမြို့နယ်၊ မြောက်တံတားရှည်ကျေးရွာရှိ
ရွှေခေါင်းလောင်းခြံ၌ သွန်းလောင်းနေခြင်းဖြစ်ပြီး ဖေဖော်ဝါရီလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း
မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ပြောကြားခဲ့သည်။ ရွှေစည်းခုံစေတီ၏
ခေါင်းလောင်းပုံစံ သွန်းလောင်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် မရှိသေးသော ခေါင်းလောင်းပုံစံ
အသစ်ဖြစ်ကြောင်း၊ အမြင့် ရှစ်ပေရှိပြီး လုံးပတ်အဝ ခြောက်ပေခွဲရှိကြောင်း၊ ဆရာတော်ကြီး
သက်တော် ၈၀ ပြည့် မွေးနေ့တွင် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား
ခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လ ၁၃ ရက် (တပေါင်းလပြည့်) နေ့တွင် ရောက်ရှိမည့် ဆရာတော်ကြီး
သက်တော် ၈၀ ပြည့်မွေးနေ့တွင် စစ်ကိုင်းတောင်ရိုး၊ သောတပန်ကျေးရွာအုပ်စု ပတ္တမြား
တောင်ခြေ၌ တည် ဆောက်နေသည့်  သီတဂူဝိပဿနာရိပ်သာကြီးနှင့် ယောဂီအဆောင်များ၊
ဆရာတော် ရဟန်းပျိုဘဝ ပုံတူကြေးသွန်းရုပ်တုနှင့် ကြေးသွန်းခေါင်းလောင်းကြီးတို့ကို ဖွင့်
လှစ်ပေးသွားမည်ဟု သိရသည်။ ထို့ပြင် ထပ်မံ တည်ဆောက်မည့် ဆရာတော်ကြီး၏
အတ္ထုပ္ပတ္တိသမိုင်းပြတိုက် အုတ်မြစ်ချမင်္ဂလာနှင့် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်သမ္မတက
ဆရာတော်ကြီးအား သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ ဖြစ်သော အဘိဓဇ မဟာရဋ္ဌဂုရု
ဘွဲ့တံဆိပ်တော်ကြီးကို ဆက်ကပ်လှူဒါန်းခဲ့ခြင်းအထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၌ အမြင့်ဆုံး
တည်ထားကိုးကွယ်မည့် အိန္ဒိယနိုင်ငံမှ မဟာဗောဓိပုံစံ အဘိဓဇစေတီအတွက် ပန္နက်ချ
မင်္ဂလာအခမ်းအနားကိုလည်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။