မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခဲ့

မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခဲ့

မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခြင်းအခမ်းအနားကို
ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းနှင့် ပါရမီလမ်းထောင့်၊
အမှတ် ၂၉ ရှိ မြန်မာ နိုင်ငံဆိုင်ရာ ယူကရိန်းဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးဝင်းအတွင်း
ကျင်းပခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၁၂
ရက်နေ့က ဖော်ပြထားသည်။

အဆိုပါအခမ်းအနားတွင် ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းနိုင်ငံ
သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော H.E. Mr. Andrii Beshta၊
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့် မြန်မာနိုင်ငံဆိုင်ရာ
ယူကရိန်းဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးအောင်လှိုင်ဦးတို့က မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်း
ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ယူကရိန်းနိုင်ငံသံအမတ်ကြီး
H.E.Mr.Andrii Beshta၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့်
မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးအောင်လှိုင်ဦးတို့က အမှာစကား
ပြောကြားခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ၁၉၉၉ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်
နေ့မှ စတင်ကာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ယူကရိန်းနိုင်ငံသံအမတ်ကြီး
သည် ထိုင်းနိုင်ငံတွင် အခြေစိုက်ကာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးလုပ်ငန်းများ ဆောင်ရွက်
လျက် ရှိသည်။