ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ
ကျင်းပမည့် နိုဘယ်-မြန်မာစာပေပွဲတော်-၂ဝ၁၇ တွင် စာတမ်းပေါင်း ၁၁ စောင် ဖတ်ကြား
မည်ဖြစ်ပြီး စာပေ စကားဝိုင်းခုနစ်ဝိုင်း ပြုလုပ်မည်ဖြစ်ကြောင်း စာပေပွဲတော်ကျင်းပရေး
ကော်မတီက သတင်းထုတ်ပြန်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် ဇန်နဝါရီလ ၂၀ ရက်က ဖော်ပြထားသည်။
ဇန်နဝါရီ ၂၂ ရက်တွင် မောင်ခင်မင်(ဓနုဖြူ)က စာပေတွင် ရသဖန်တီးမှုနှင့် ခံစားသူတို့
ဆက်သွယ်မှု၊ သစ္စာနီက မျက်မှောက်မြန်မာကဗျာ (ခေတ်ပြိုင်/ခေတ်ပေါ်) နှင့် မောင်ဇေယျာ
က ရသစာပေနှင့် စာပေ ဝေဖန်ရေးစာတမ်းတို့ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၃ ရက်တွင်
မြဝင်း (ဒဿန)က မြန်မာ့ရနံ့နှင့် စပ်လျဉ်းသော မှတ်ချက်များ၊ တော်ကောင်းမင်းက ရှိတ်စပီးယား
ပြဇာတ်များကို မြန်မာပြန်ဆိုခြင်း၊ ဒေါက်တာမိုးဟိန်းဇော် (မြန်မာစာ)က မြန်မာကလေးကဗျာ
များက ပေးသော ရသနှင့် မြင့်ဆွေဦးက နဂါးနီမှ ရသဝတ္ထုများကိုလည်းကောင်း၊ ဇန်နဝါရီ ၂၄
ရက်တွင် ရာသက်ပန် (တောင်ငူဆောင်) က မင်းလူဝတ္ထုတိုများမှ ဇာတ်ဆောင်ရွေးချယ်ဖန်တီး
မှု၊ ဒေါက်တာအောင်ကြီးက မော်စီတုံးကဗျာ တစ်ပုဒ် ကို ဘာသာပြန်ဆိုခြင်း၊ ကိုတာက ကဗျာ
နှစ်ပုဒ် ဘာသာပြန်ခြင်း၊ ငြိမ်းမင်းက ရသစာပေဖန်တီးမှု စာတမ်းများကို ဖတ်ကြားကြမည် ဖြစ်
ကြောင်း သိရသည်။
စာပေစကားဝိုင်းအနေဖြင့် ဇန်နဝါရီ ၂၂ ရက်တွင် ချစ်ဦးညို၊ နေဝင်းမြင့်နှင့် ဂျူးတို့က "ရသ
စာပေနဲ့ဖန်တီးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကြည်မင်း၊ မြဝင်း (ဒဿန)၊ မောင်ရင့်မာ (ကျောင်း
ကုန်း)၊ မင်းချမ်းမွန်နှင့် သွယ်သွယ်မျိုးညွန့်တို့က "အက်ဆေးတစ်ပုဒ် မွေးဖွားခြင်း" ခေါင်းစဉ်ဖြင့်
လည်းကောင်း၊ ဇန်နဝါရီ ၂၃ ရက်တွင် မင်းထက်မောင်၊ ကိုရွေး၊ မောင်လင်းရိပ်၊ မောင်ဒေးနှင့်
အိန္ဒြာတို့က "ယနေ့မြန်မာကဗျာ၊ မနက်ဖြန်အတွက် မြန်မာကဗျာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊
မော်လင်း၊ မောင်ခင်မင် (ဓနုဖြူ) ၊ သစ္စာနီ၊ ငြိမ်းမင်းနှင့် မြေလတ်မောင်မြင့်သူတို့က "ရသပျိုးခင်း"
ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဇန်နဝါရီ ၂၄ ရက်တွင် မောင်သာမည၊ မောင်ရဲခိုင်၊ တင့်ဇော်နှင့်
ဒီနိုဗိုတို့က "ဘာသာပြန်ရသဖန်တီးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မင်းခိုက်စိုးစန်၊ မြနှောင်းညို၊
ဂျူး၊ လင်္ကာရည်ကျော်နှင့် ဒေါက်တာစိုးလွင်တို့က "ဝတ္ထုရှည်တစ်ပုဒ်ဖန်တီးခြင်း" ခေါင်းစဉ်ဖြင့်
လည်းကောင်း၊ ဒေါက်တာ ခင်မောင်ညို၊ ကောင်းသန့်၊ ရာသက်ပန်(တောင်ငူဆောင်) နှင့် မြေမှုန်
လွင်တို့က "ရသရေစီး" ခေါင်းစဉ်ဖြင့်လည်းကောင်း စကားဝိုင်းဖွဲ့ကြမည်ဟု ဆိုသည်။
အဆိုပါ စာတမ်းဖတ်ပွဲ၊ စာပေစကားဝိုင်း အစီအစဉ်တို့အပြင် ရသစာဖတ်ဝိုင်း၊ ကဗျာရွတ်ပွဲ၊ ကာတွန်း
ပြပွဲ၊ ကယ်ရီကေးချားပုံတူဆွဲပွဲတို့အပြင် စာအုပ်ဆိုင်ပေါင်း ၁၅ဝ ကျော် ပါဝင်သည့် စာအုပ်စျေးခင်းကြီး
ပါ ဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။









