ဘူးသီးတောင်မြို့နှင့် ရသေ့တောင်ကို တိုက်ရိုက်ဆယ်သွယ်ထားသော ပန်ဇင်းချောင်းတံတား
တည်ဆောက်ရေး စီမံကိန်းမှာ ယခုအခါ ရာနှုန်းပြည့်နီးပါးပြီးစီးသွားပြီဖြစ်သဖြင့် မကြာမီ
ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း အဆိုပါတံတားတည်ဆောက်သည့် တံတားအထူးအဖွဲ့ (၈)၏
ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်န
၀ါရီလ ၂၀ ရက်က ဖော်ပြထားသည်။
ရသေ့တောင်မြို့နှင့် ဘူးသီးတောင်မြို့တို့ကို တိုက်ရိုက်ဆက်သွယ်မည့် ကုန်းတွင်းလမ်းကို ယခု
အခါ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက ဖောက်လုပ်လျက်ရှိပြီး အဆိုပါလမ်းတွင်
တံတားပေါင်း ၁၂ စင်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ပန်ဇင်းချောင်းတံတား
အပါအဝင် တံတား ခြောက်စင်း ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း၊ ကျန်သည့် တံတား ၆ စင်း
ကို လာမည့် ဘတ်ဂျက် တွင် လျာထားကြောင်း၊ အဆိုပါတံတားများတွင် ပန်ဇင်းချောင်းတံတားကြီး
သည် အကြီးဆုံးတံတား ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပန်ဇင်းချောင်းတံတားကို မောင်တောမြို့မှ ဘူးသီးတောင်-ရသေ့တောင်၊ ရသေ့တောင်မှ
ပုံဏ္ဏားကျွန်းအထိ ဖောက်လုပ်လျက်ရှိသည့် လမ်းပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ အဆို
ပါ ပန်ဇင်းချောင်းတံတားကို လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့တွင် ဖွင့်လှစ်ရန် စီစဉ်
ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။










