မန္တလေးနန်းတော်မြို့ရိုးများကို ယခုနှစ်အတွင်း ရှေးမူမပျက် ပြန်လည်မွမ်းမံပြီး ထိန်းသိမ်းသွားမည်
ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ညွှန်ကြား
ရေးမှူး ဦးညိုမြင့်ထွန်း၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီ ၂၀
ရက်က ဖော်ပြထားသည်။
ထိန်းသိမ်းပြုပြင်ရာတွင် မြို့ရိုးများ၌ ဖြစ်ပေါ်နေသော အက်ကြောင်းများကို ရှေးလက်ရာမပျက်
ပြန်လည်ပြုပြင်သွားမည် ဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်နိုင်သော ပြုပြင်မှုမျိုး
လုပ်ဆောင်မည် မဟုတ်ကြောင်း၊ ဆေးသုတ်ရန် လိုအပ်သော မြို့ရိုးများ ရှိပါကလည်း ဆေး
ပြန်သုတ်သွားမည် ဖြစ်ကြောင်း ဦးညိုမြင့်ထွန်းက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းစဉ်များကို မန္တလေးတိုင်းဒေသကြီးအတွင်းမှ သက်ဆိုင်
ရာ အဖွဲ့အစည်းများနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ပန်းရန်ကျွမ်းကျင်လုပ်သားများ
အပါအဝင် ပညာရှင်များက ပူးပေါင်း ထိန်းသိမ်း ပြုပြင်သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ
တွင် မန္တလေးနန်းတော် မြို့ရိုးများကို ပြုပြင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ စာ
တင်ထားပြီး ဖြစ်ကြောင်း၊ ယခုအချိန်တွင် ရှေ့ပြေးအနေဖြင့် အဆိုပါ မြို့ရိုးများ၌ ကပ်ငြိနေသည့်
ရေညှိနှင့် ကပ်ပါးပင်တို့ကို ရှင်းလင်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။










