မြန်မာနိုင်ငံ၏ အထင်ကရ ခရီးစဉ်ဒေသများတွင် နိုင်ငံတကာ မီးပုံးပျံစီးနင်းပြိုင်ပွဲများကို နှစ်စဉ်
ကျင်းပမည် ဖြစ်ကြောင်း Golden Express Tours Co.,Ltd. ၏ ထုတ်ပြန်ချက်များကို ကိုးကား
ကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၂၀ ရက်က ဖော်ပြထားသည်။
ပြည်ပခရီးသွားများ လာရောက်လည်ပတ်ရာတွင် မြန်မာ့အလှရှုခင်းများကို ဝေဟင်အမြင့်မှ
ကြည့်ရှုခံစားလိုသူ များအနေဖြင့်လည်း အုပ်စုလိုက်ဖွဲ့၍ မြန်မာနိုင်ငံ ခရီးစဉ်ဒေသများသို့
အပျော်စီးမီးပုံးပျံများ စီးနင်းကာ လေ့လာကြည့်ရှုလည်ပတ်ကြကြောင်း၊ မြန်မာနိုင်ငံခရီးသွား
လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မီးပုံးပျံ
စီးနင်းပြိုင်ပွဲများကို ၁၉၉၉ ခုနှစ်မှ စတင်၍ ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိပြီး ယခုအကြိမ်
အပါအဝင် ၁၉ ကြိမ်မြောက် ကျင်းပပြီး ဖြစ်ကြောင်း၊ နောင်လာမည့် နှစ်များတွင်လည်း
ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ထိန်းသိမ်းစောင့်ရှောက် ထားရှိခြင်း၊
ယဉ်ကျေးပျူငှာပြီး ဧည့်ဝတ်ကျေပွန်ခြင်း၊ တိုင်းရင်းသားပေါင်းစုံတို့၏ စိတ်ဝင်စားဖွယ်ရာ
ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု ဓလေ့စရိုက်များရှိခြင်းနှင့် သဘာဝအတိုင်း တည်ရှိသော
တောတောင်ရေမြေ ပင်လယ်ကမ်းခြေအလှအပများ ပိုင်ဆိုင်ခြင်းတို့ကြောင့် သွားရောက်
လည်ပတ်ရန် အကောင်းဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ထင်ရှားသဖြင့် နိုင်ငံတကာမှ ခရီးသွား
ဧည့်သည်များ စိတ်ဝင်တစားလာရောက်လည်ပတ်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။










