တတိယမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ ၁ဝ၈ နှစ်ပြည့် နှစ်ပတ်လည်
အခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ပန်းဝါလမ်း၊ အမှတ်(၃၁)ရှိ
ဦးသန့်၏ နေအိမ်ဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု
ကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၃ ရက်နေ့က ဖော်ပြထားသည်။
တတိယမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ ၁ဝ၈ နှစ်ပြည့် နှစ်ပတ်လည်
အခမ်းအနား တွင် မစ္စဆိုဖီယာဘုရှ်ခ်ျက ဦးသန့်၏ နေအိမ်နှင့် အနာဂတ်စီမံကိန်းများ
အကြောင်း၊ ဦးသန့်၏ မြေး ဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက အဘိုးဖြစ်သူ ဦးသန့်၏
ဘဝနှင့် ၄င်းချန်ရစ်ထားခဲ့သည့် အမွေအနှစ် များအကြောင်း၊ မဟတ္တမဂန္ဒီ၏ မြေးဖြစ်သူ
ယခင် အနောက်ဘင်္ဂလားပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာဂိုပယ်ဂန္ဒီက လူတို့၏ စိတ်
ဝိညာဉ်အမည်ဖြင့် လူတို့၏ ပြင်းပြသော ဆန္ဒနှင့် နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်မှုများ
အကြောင်းတို့ကို အသီးသီးပြောကြားခဲ့သည်။
ထို့နောက် ဆုရသတင်းထောက် အလစ်စတာကွတ်ခ်နှင့် ဦးသန့်တို့၏ ၁၉၆၄ ခုနှစ်က
ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းကို ဗီဒီယိုဖြင့် ပြသခဲ့ပြီး ဦးသန့်နေအိမ်ခြံဝင်းအတွင်း
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒေါက်တာသန့်မြင့်ဦး၊ မစ္စတာဂိုပယ်
ဂန္ဒီတို့က အမှတ်တရသစ်ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။









