ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အမျိုးသား
လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်
တိုင်းဒေသကြီးဝန်ကြီး များနှင့်အတူ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ကမာရွတ်
မြို့နယ်၊ ပန်းဝါလမ်း၊ အမှတ် ၃၁ ရှိ ဦးသန့်နေအိမ်ပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာ
ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု ကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၃ ရက်က
ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဦးသန့်နေအိမ်ပြတိုက်အတွင်း ခင်းကျင်းပြသထား
သည့် ဦးသန့်၏ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ ပြည်သူ့ဝန်ထမ်း၊ ကျောင်းဆရာနှင့်
စာရေးဆရာ ဘဝအတွေ့အကြံုမှတ်တမ်းများ၊ လွတ်လပ်ရေးရပြီး အစောပိုင်းကာလများက
မြန်မာနိုင်ငံအကြောင်း မှ စကာ ကျူးဘားနှင့် ဗီယက်နမ်စစ်ပွဲအကြောင်းတို့ကို စုံလင်စွာ ”
ထင်ဟပ်သည့် ဓာတ်ပုံမှတ်တမ်းများ၊ စစ်အေးတိုက်ပွဲအကြောင်းကို ခင်းကျင်းပြသထားသော
ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် စာအုပ်များ၊ ဦးသန့် ကိုယ်ပိုင်စာတမ်းများ၊ ရှားပါးဓာတ်ပုံများ၊ ဗီဒီယို
မှတ်တမ်းများနှင့် သမိုင်းဝင်မိန့်ခွန်းမှတ်တမ်းများကို ကြည့်ရှုလေ့လာရာ ဦးသန့်၏ မြေးဖြစ်သူ
ဒေါက်တာသန့်မြင့်ဦးက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
ဦးသန့်သည် အစိုးရ အဆင့်မြင့်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ၁၉၅၁ ခုနှစ်မှ ၁၉၅၇
ခုနှစ်ထိ ဇနီးသည် ဒေါ်သိန်းတင်၊ သမီး အေးအေးသန့်နှင့် သား တင်မောင်သန့်တို့နှင့် အတူ
ယခုနေအိမ်တွင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နေအိမ်အား အသုံးမပြုဘဲ ထားသည်ကို
တွေ့ရှိ၍ ဦးသန့်၏မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက ၂၀၁၂ ခုနှစ်တွင် သက်ဆိုင်ရာသို့ ခွင့်တောင်းပြီး ပြန်လည်မွမ်းမံကာ ပြတိုက် နှင့် အများပြည်သူအတွက် ပွဲလမ်းများ ကျင်းပသည့်
နေရာအဖြစ် အသုံးပြုခဲ့ပြီး ပြန်လည်ပြုပြင်မွမ်းမံထားကြောင်း၊ ဦးသန့်၏ ဘဝနှင့် လုပ်ဆောင်ချက်
များကို အများပြည်သူလေ့လာနိုင်ရန် ဦးသန့်၏ နေအိမ်ပြခန်းကို သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့
များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားသည်ဟု ဆိုသည်။










