ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းရေး အပြာရောင်ကမ္ပည်းဆိုင်းဘုတ်ကို ဗိုလ်ချုပ်စျေး၌ တပ်ဆင်ခဲ့

ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းရေး အပြာရောင်ကမ္ပည်းဆိုင်းဘုတ်ကို ဗိုလ်ချုပ်စျေး၌ တပ်ဆင်ခဲ့

 

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖြစ် အပြာရောင်ကမ္ပည်းဆိုင်းဘုတ်ကို ဇန်နဝါရီ ၂ဝ
ရက်တွင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းစျေး၌ တပ်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်
ထိန်းသိမ်းရေးအဖွဲ့ အပြာရောင်ကမ္ပည်း ဆိုင်းဘုတ်တပ်ဆင်ရေးစီမံကိန်းပရောဂျက်မန်နေဂျာ
ကိုသူရိန်အောင်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအတွက် အပြာရောင်ကမ္ပည်းဆိုင်းဘုတ်များ တပ်ရန် ဦးစွာ
သုတေသန ပြုလုပ်ရကြောင်း၊ အချက်အလက် မှန်-မမှန်နှင့် သမိုင်းကြောင်း မှန်၊ မမှန် စသည်တို့
ကို သုတေသနပြု လေ့လာပြီး သေချာမှသာ တပ်ဆင်ရခြင်း ဖြစ်ကြောင်း၊ တပ်ဆင်ရာတွင်လည်း ထင်သာမြင်သာစွာ လေ့လာဖတ်ရှုနိုင်ရန် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားကြောင်း ကိုသူရိန်အောင်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ အပြာရောင်ကမ္ပည်းဆိုင်းဘုတ်တပ်ဆင်ခြင်းကို ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေး
အဖွဲ့နှင့်အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဖိလစ်ကော်ပိုရေးရှင်းတို့  ပူးပေါင်း
စီစဉ်လုပ်ဆောင်ခြင်း ဖြစ်ပြီး ယခုအခါ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖြစ် ပြသသည့်
အပြာရောင်ကမ္ပည်းဆိုင်းဘုတ် ၁၅ ခု အထိ တပ်ဆင်ပြီး ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်ကို ကာလ
ရှည်တစ်ခုအနေဖြင့် ချမှတ်ထားပြီး ဆိုင်းဘုတ် ၁ဝဝ ပြည့်သည်အထိ ဆက်လက် တပ်ဆင်သွားရန်
လျာထားကြောင်း သိရသည်။