သမဝါယမဘဏ် (CB Bank) က အမေရိကန်နိုင်ငံအခြေစိုက် DIEBOLD NIXDORF ကုမ္ပဏီနှင့်
ပူးပေါင်း၍ ပြည်တွင်း၌ ငွေထုတ်စက် အလုံးရေ ၅ဝဝ ထပ်မံ တပ်ဆင်အသုံးပြုမည် ဖြစ်ကြောင်း
မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၂၄ ရက်က ဖော်ပြထားသည်။
ATM စက်အသစ်များ တပ်ဆင်သည့် စီမံကိန်းတွင် အမေရိကန်ကုမ္ပဏီက နည်းပညာပိုင်းကို
တာဝန်ယူပြီး လုပ်ဆောင်ပေးမည်ဖြစ်ပြီး ယခုနှစ်ထဲမှာ ATM စက်တွေကို ထပ်တိုးတပ်ဆင်မည့် အကျိုးကျေးဇူးကြောင့် နောက်ပိုင်းတွင် CB Bank အသုံးပြုသူများအနေဖြင့် စက်မှ ငွေထုတ်ယူ
အသုံးပြုရာတွင် ယခုထက် ပိုမိုလွယ်ကူစွာ ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း၊ ငွေထုတ်စက်များကို
အသစ်တပ်ဆင်ရာတွင်လည်း နည်းပညာမြင့် ငွေထုတ်စက်များကိုသာ တပ်ဆင်သွားမည် ဖြစ်
ကြောင်း CB Bank မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အသစ်တပ်ဆင်မည့် ATM စက် အလုံး ၅ဝဝ ကို ပြည်တွင်းရှိ မြို့ကြီးများတွင် လိုအပ်ချက်အပေါ်
မူတည်၍ အရေအတွက်ခွဲကာ တပ်ဆင်အသုံးပြုသွားမည်ဖြစ်ပြီး ယခုနှစ် နှစ်လယ်ပိုင်းမှ စတင်
တပ်ဆင်ရန် စီစဉ်ထား ကြောင်း သိရသည်။ ထို့ပြင် သမဝါယမဘဏ် (CB Bank) သည် အဆိုပါ
ကုမ္ပဏီနှင့် ပူးပေါင်းပြီး ငွေပေးချေကတ် မလိုဘဲ မိုဘိုင်းလ်ဖုန်းဖြင့် ငွေထုတ်နိုင်မည့် ဝန်ဆောင်မှု
ကိုလည်း အသုံးပြုနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။










