လေဖြတ်လူနာများအနက် ၁၀ ဦးလျှင် တစ်ဦးသာ သွေးခဲပျော်ဆေးသွင်းပေးရန် ကိုက်ညီ

လေဖြတ်လူနာများအနက် ၁၀ ဦးလျှင် တစ်ဦးသာ သွေးခဲပျော်ဆေးသွင်းပေးရန် ကိုက်ညီ

ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရောက်ရှိလာသော လေဖြတ်လူနာများအနက် ၁ဝ ဦးလျှင် တစ်ဦးသာ သွေးခဲပျော်ဆေးသွင်းပေးရန် အချက်အလက်ကိုက်ညီကြောင်း ရန်ကုန်ဆေးရုံကြီးရှိ
ဦးနှောက်နှင့် အာရုံကြော ဆေးပညာဌာန၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်
တွင် ဇန်နဝါရီလ ၂၄ ရက်နေ့က ဖော်ပြထားသည်။

လဖြတ်ရောဂါအထူးကုသဆောင် ဖွင့်လှစ်ချိန်မှစ၍ တစ်နှစ်နီးပါးကာလအတွင်း အရေးပေါ်လူနာ
ဌာနသို့ လေဖြတ်လူနာ စုစုပေါင်း ၁ဝဝ ဝန်းကျင် ရောက်ရှိလာသော်လည်း သွေးခဲပျော်ဆေးသွင်း
ရန် သတ်မှတ်ထားသော အချက်များဖြင့် ကိုက်ညီသည့် လူနာဦးရေ နည်းပါးနေကြောင်း၊ သုံးနာရီ
ကျော်လွန်မှ ရောက်ရှိလာခြင်းနှင့် အသက် ၈ဝ ကျော်နေခြင်း အစရှိသည်တို့ကြောင့် ဆေးသွင်းပေး
နိုင်ခြင်း မရှိကြောင်း သိရသည်။

လေဖြတ်မည်ဟု သံသယရှိသည်နှင့်တပြိုင်နက် အရေးပေါ်ဌာနသို့ ချက်ချင်းလာရန် လိုအပ်ကြောင်း၊
အချိန်မီရောက်လာပြီး သွေးကြောပိတ်ခြင်းလည်း ဖြစ်ပွားသည်ဆိုပါက သွေးခဲပျော်ဆေးသွင်းပေး
ကြောင်း၊ သွေးကြော ပေါက်ခြင်းဖြစ်ပါက ကွန်ပျူတာဓာတ်မှန်ဖြင့် စမ်းသပ်စစ်ဆေးပြီး လူနာ၏
အခြေအနေနှင့် ဦးနှောက်တွင်း သွေး ယိုစီးမှု ပမာဏပေါ် မူတည်ကာ ခွဲစိတ်ကုသမှုများ ပြုလုပ်
ပေးနေကြောင်း ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြား
ခဲ့သည်။

အဆိုပါ သွေးခဲပျော်ဆေးသည် ငွေကျပ်သိန်း၂ဝ ခန့်တန်ဖိုးရှိပြီး အစိုးရဘက်မှ ဝယ်ယူပေးရန် ရှိသည့်
အပြင် လှူဒါန်းမည့် အဖွဲ့အစည်းများလည်း အဆင်သင့်ရှိကြောင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း
မဟုတ်ဘဲ သွေးကြော ပေါက်သူများ၊ သုံးနာရီကျော်လွန်မှ ရောက်ရှိလာသူများ၊ ယခင်က လေဖြတ်
ဖူးသူများ၊ ကိုယ်ဝန်ရှိနေသူများ၊ လေဖြတ်သည့် လက္ခဏာမပြမီ နှစ်ပတ်အတွင်း အကြီးစားခွဲစိတ်
ကုသမှုခံယူထားသူများနှင့် နှလုံး သွေးကြော ပိတ်ဖူးသူများကို သွေးခဲပျော်ဆေးသွင်းပေး၍ မရနိုင်
ကြောင်း သိရသည်။