ပြည်ပမှ ပုသိမ်ထီးဝယ်လိုအား ထုတ်လုပ်မှု၏ ထက်ဝက်ကျော် မြင့်မားလာ

ပြည်ပမှ ပုသိမ်ထီးဝယ်လိုအား ထုတ်လုပ်မှု၏ ထက်ဝက်ကျော် မြင့်မားလာ

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့၏ ထုတ်ကုန်တစ်ခု ဖြစ်သည့် ပုသိမ်ထီးများကို ပြည်ပနိုင်ငံ
များမှ ပို၍ဝယ်ယူနေသဖြင့် ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံခန့်ကို ပြည်ပစျေးကွက်များသို့ တင်ပို့
ရောင်းချနေရကြောင်း ပုသိမ်ထီးထုတ်လုပ်ရောင်းချနေသူများနှင့် ပြည်ပပို့ကုန်လုပ်ငန်းရှင်
များ၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ
တွင် ဇန်နဝါရီလ ၂၄ ရက်က ဖော်ပြထားသည်။

ပြည်တွင်းစျေးကွက်များတွင် ပုသိမ်ထီးများကို ငွေဆောင်၊ ချောင်းသာ၊ ငပလီကမ်းခြေဒေသရှိ
ဟိုတယ်များနှင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့တို့ရှိ ဟိုတယ်များ
၌ အလှဆင်ရန် ဝယ်ယူနေကြပြီး ရှင်ပြုနားသ အလှူမင်္ဂလာပွဲများနှင့် မင်္ဂလာဆောင်တွင် လက်ဖွဲ့
ပြန်ပေးရန် အော်ဒါမှာယူလျက် ရှိသည်။ ထို့ပြင် ပုသိမ်ထီးကို မကွေး၊ ပဲခူး၊ မော်လမြိုင်၊ ဘားအံမြို့
တို့မှတစ်ဆင့် မှာယူနေကြပြီး ပြည်ပစျေးကွက်အဖြစ် ဂျာမနီ၊ ပြင်သစ်၊ နယူးဇီလန်၊ သြစတြေးလျ၊
အီတလီနှင့် အမေရိကန်နိုင်ငံတို့ကလည်း မှာယူလျက် ရှိကြောင်း သိရသည်။

ပုသိမ်ထီးကို ဘုန်းကြီးဆောင်းထီး၊ ကိုရင်ဆောင်းထီး၊ သီလရှင် ဆောင်းထီး၊ အမျိုးသမီးဆောင်း
ထီး၊ ကလေး ဆောင်းထီး၊ အလှဆောင်းထီး ဟူ၍ အမျိုးမျိုး ထုတ်လုပ်ရောင်းချနေပြီး ပုသိမ်ထီး
စျေးနှုန်းမှာ တစ်လက်လျှင် ငွေကျပ်၂ဝဝဝ မှ ငွေကျပ် တစ်သိန်းကျော်အထိ ရှိသည်။ ပုသိမ်မြို့ရှိ
ပုသိမ်ထီးပင်ရင်းစျေးကွက်မှ နှစ်စဉ် ဂျာမနီနိုင်ငံသို့ ခြောက်ပေ၊ ရှစ်ပေ ဟိုတယ်သုံးထီးအလက်
ရေ ၄ဝဝ မှ ၅ဝဝ ကြားကို ပင်လယ်ရေကြောင်းမှ တင်ပို့ ရောင်းချလျက်ရှိပြီး လိမ္မော်ရောင်၊ နီညို
ရောင်၊ မော်ဒယ်စိမ်းရောင်မှာ လူကြိုက်များပြီး အဝါ၊ အဖြူ၊ အနီ၊ အစိမ်းရောင်နှင့် အခြားအရောင်
များကိုလည်း ပြုလုပ်ကာ ရောင်းချပေးနေရသည်ဟု ဆိုသည်။