အမျိုးသားအဆင့် အမွေအနှစ်အဖြစ် သတ်မှတ်ထားသော ယဉ်ကျေးမှုအမွေအနှစ်ဒေသများသည်
ကမ္ဘာ့အမွေအနှစ်စာရင်းတွင် အားလုံးပါဝင်နိုင်ရန် အလားအလာနည်းနေကြောင်း ယဉ်ကျေးမှု
အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
ဇန်နဝါရီလ ၂၃ ရက်က ဖော်ပြထားသည်။
၁၉၉၉ ခုနှစ်မှ ယခုအချိန်ထိ မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိသော နေရာဒေသ
များသို့ သွားရောက်၍ ကွင်းဆင်းသုတေသနပြု စာရင်းကောက်ယူထားရာ အမျိုးသားအဆင့်
ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသော ယဉ်ကျေးမှု အမွေအနှစ်ဒေသ ၄၇ ခုရှိကြောင်း၊
အဆိုပါ ဒေသ ၄၇ ခုတွင် ရွှေတိဂုံ စေတီ တော်၊ ရခိုင်ပြည်နယ်ရှိ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ မြန်မာနိုင်ငံအလယ်ပိုင်း၌ တည်ရှိသည့် ဗားကရာကျောင်းတော်
ကြီး၊ ရွှေကျောင်းတော်ကြီး၊ သစ်သားကျောင်းတော်ကြီးများ၊ စလေရုပ်စုံကျောင်း၊ အမရပူရ၊ စစ်ကိုင်း၊
အင်းဝမြို့ဟောင်း၊ မင်းကွန်းဒေသနှင့် ပခန်းကျောင်းတော်ကြီးတို့သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
အဖြစ် အသိအမှတ်ပြုခံရနိုင်ဖွယ် ရှိပြီး ကျန်နေရာဒေသများမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန်
အလားအလာနည်းကြောင်း သိရသည်။
သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်း သုံးနေရာပေါင်း၍လည်းကောင်း၊ အင်းဝ၊ အမရပူရနှင့် စစ်ကိုင်း
သုံးနေရာပေါင်း၍လည်းကောင်း တင်ပြလျှင် ကမ္ဘာ့အမွေအနှစ်ဒေသစာရင်းဝင်အဖြစ် သတ်မှတ်ခံ
ရနိုင်ကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာမူ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် အလားအလာ
အကောင်းဆုံးနယ်မြေ ဖြစ်ကြောင်း ယဉ်ကျေးမှုအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်စန္ဒာခင်က
ပြောကြားခဲ့သည်။ လက်ရှိတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သက်ဆိုင်ရာ ဌာနများ၊
ဒေသခံများ၏ ပူးပေါင်းပါဝင်မှုနှင့် အတူ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့ အမွေအနှစ်
စာရင်းဝင်ရန် စီမံကိန်းများ ရေးဆွဲလျက် ရှိသည်ဟု ဆိုသည်။










