ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီ
တော်ကြီး၏ တပို့တွဲလဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်ဂေါပကအဖွဲ့က ကြီးမှူး၍ ဖေဖော်
ဝါရီ ၄ ရက်မှ ၁၂ ရက်အထိ ကိုးရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၅ ရက်က ဖော်ပြထားသည်။
ဗုဒ္ဓပူဇနိယပွဲတော်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲ၊ နာရီ ၈ဝ ကြာ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်
ပွဲ၊ ရွှေသင်္ကန်းကပ်လှူပွဲ၊ ဆွမ်းတော်ကြီးတင်လှူပွဲ၊ ထမနဲထိုးပွဲ၊ စတုဒီသာကျွေးမွေးလှူဒါန်းပွဲ၊ မြန်မာ့
ရိုးရာ ခြင်းအလှခတ်ပွဲ၊ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ဇာတ်သဘင်နှင့် ပျော်ပွဲရွှင်ပွဲများ ပါဝင်ပြီး စည်ကား
သိုက်မြိုက်စွာ ကျင်းပသွားနိုင်ရန် စေတီတော်ဂေါပကအဖွဲ့က ဆပ်ကော်မတီများဖွဲ့ကာ ဆောင်ရွက်
လျက်ရှိကြောင်း သိရသည်။
ထို့အပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ကြည်ညိုဖူးမြော်နိုင်ရေးအတွက်
ရွှေကြိုတဲများဆောက်လုပ်ပြီး တည်းခိုနိုင်ရေး စီစဉ်ထားသည့်အပြင် မြန်မာပြည်တစ်ဝန်းမှ ၁၂ ပွဲ
စျေးသည်များ လာရောက်ရောင်းချနိုင်ရေးအတွက် စျေးဆိုင်ခန်းပေါင်း ၂ဝဝဝ ကျော် ဆောက်လုပ်၍
စနစ်တကျ နေရာချထားပေးလျက်ရှိသည့်အပြင် ဘုရားဖူးလာ အမျိုးသားများအား စေတီတော် အထက်
ပစ္စယံသို့ စိစစ် ခွင့်ပြု၍ တက်ရောက်ဖူးမြော်နိုင်စေရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဂေါပကအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။









