၂ဝ၁၆ ခုနှစ် တစ်နှစ်တာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်ပေါက်မှ နိုင်ငံခြားသား
ခရီးသွားဧည့်သည် တစ်သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏
ခရီး သွားအချက်အလက်များကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ
တွင် ဇန်နဝါရီလ ၂၅ ရက်က ဖော်ပြထားသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားခရီးသွားဧည့်သည်များတွင် တစ်ဦးချင်း
အစီအစဉ်ဖြင့် လာရောက်လည်ပတ်မှု၊ Group Tour အစီအစဉ်များဖြင့် လာရောက်လည်ပတ်မှု၊ စီးပွား
ရေးကိစ္စများဖြင့် လာရောက်လည်ပတ်မှု၊ အခြားသော လာရောက်လည်ပတ်မှုများအပါအဝင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက်မှ လာရောက်လည်ပတ်မှုတွင် ၂ဝ၁၅ ခုနှစ်ထက် အနည်းငယ်
လျော့နည်းခဲ့ပြီး နိုင်ငံခြားသားဧည့်သည် စုစုပေါင်း ၁, ဝ၆၉, ၄၂၇ ဦး လာရောက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ အများဆုံးလာရောက်ခဲ့သော နိုင်ငံခြားသားဧည့်သည်များတွင် အာရှနိုင်ငံများမှ အများ
ဆုံးဖြစ်ပြီး ထိုင်းနိုင်ငံမှ ၂ဝ၇ဝ၃၃ ဦးဖြင့် အများဆုံးဖြစ်ကာ တရုတ်နိုင်ငံမှ ၁၂၆၄၈၉ ဦးဖြင့် ဒုတိယ
အများဆုံးဖြစ်သည်။ ဂျပန်နိုင်ငံမှ ၉၅၃၉၃ ဦးဖြင့် တတိယအများဆုံးဖြစ်ကာ တောင်ကိုရီးယားနိုင်ငံမှ
၆၃ဝ၄၉ ဦးဖြင့် စတုတ္ထအများဆုံးဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ပိုမိုလာရောက်ရန် စီမံချက်များ ရေးဆွဲ
ဆောင်ရွက်နေပြီး ခရီးသွားဆွဲဆောင်ရာ ဒေသတစ်ခုဖြစ်ရေးနှင့် ခရီးသွားကဏ္ဍတွင် အဟန့်အတား
ဖြစ်နေသော ကန့်သတ်မှုများကို ဖြေလျှော့ပေးနိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း အဖြေရှာ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများအနက် မြန်မာနိုင်ငံကို နိုင်ငံခြားသား
ခရီးသွားများသိရှိမှု နည်းပါးနေခြင်းအတွက်လည်း ခရီးသွားမြှင့်တင်ရေးအစီအစဉ်များ ပြုလုပ်သွားမည်
ဖြစ်ကြောင်း သိရသည်။










