ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်များတွင် မီးလောင်ကျွမ်းခဲ့သည့် ၀ါးပိတ်
ကျေးရွာကို စံပြကျေးရွာအဖြစ် စနစ်တကျ ထူထောင်နိုင်ရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၅ ရက်က ဖော်ပြထားသည်။
မီးလောင်ခဲ့သည့် ၀ါးပိတ်ကျေးရွာကို မောင်တောဒေသတွင် စံပြကျေးရွာအဖြစ် စနစ်တကျ ပြန်လည်
ထူထောင်သွားမည် ဖြစ်ပြီး စံပြကျေးရွာအဖြစ် တည်ဆောက်ရန် ယခုလောလောဆယ်တွင် မြေနေရာ
ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း မောင်
တောမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၏ ပြောကြားချက်အရ သိရသည်။
မိမိတို့ကျေးရွာကို စံပြကျေးရွာအဖြစ် ပြန်လည်ထူထောင်ပေးမည်ဟု ကြားသိရ၍ ၀မ်းသာကြောင်း၊
စံပြကျေးရွာဖြစ်ရေးအတွက် ပါ၀င်ကူညီသွားမည် ဖြစ်ကြောင်း ၀ါးပိတ်ကျေးရွာသား မာမွတ်အာမိန်က
ပြောကြားခဲ့သည်။ အလားတူ ကျီးကန်းပြင်အလယ်ရွာသား မာမွတ်နာဆဲကလည်း စံပြကျေးရွာ
ထူထောင်ခြင်းကို ကန့်ကွက်ရန် မရှိဘဲ အားလုံး ၀ိုင်းဝန်းကူညီသွားမည် ဖြစ်ကြောင်း၊ သန့်ရှင်း
သော သောက်သုံးရေရရှိရန်လည်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။









