အာရှ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်း၊ မဟာမဲခေါင်ဒေသ စီးပွားရေးကုန်သွယ်မှု
လမ်းကြောင်းပေါ်ရှိ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီကူး ကုန်သွယ်မှုတံတားကြီး
ဖြစ်သည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတည်ဆောက်မှုမှာ ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီး
နေပြီဖြစ်၍ တည်ဆောက်မှုသတ်မှတ်ကာလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း တံတား
တည်ဆောက်ရေးလုပ်ငန်းခွင်မှ တာဝန်ခံအရာရှိက ပြောကြားခဲ့သည်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၇ ရက်က ဖော်ပြ
ထားသည်။
မဲဆောက်-မြဝတီ ကူးလူးဆက်သွယ်ပေးမည့် ထိုင်း-မြန်မာ ချစ်ကြည်ရေး ကုန်သွယ်မှု
တံတား အမှတ် (၂) သည် မဲဆောက်မြို့နယ်အတွင်းရှိ ဘန့်ဝမ်တခင်းရမ်းစီရင်စု (ဝါး
စကင်း) အမှတ် (၇) ရပ်ကွက် (ထိုင်းဘက်ခြမ်း)နှင့် မြန်မာနိုင်ငံ၊ မြဝတီမြို့၊ အမှတ်(၅)
ရပ်ကွက်၊ ရေပူကျေးရွာအုပ်စုတို့ကို ရေလယ် တိုင်မပါဘဲ ပေါင်းကူးတည်ဆောက်ထား
သည့် ကြိုးတံတားအမျိုးအစားဖြစ်ကြောင်း၊ တံတားအရှည်မှာ ချဉ်းကပ်လမ်းအပါအဝင်
၂၁ ဒသမ ၄ဝ ကီလိုမီတာရှည်လျားပြီး မြန်မာဘက်ကမ်း၌ ချဉ်းကပ်လမ်း ၄ ဒသမ ၁၄
ကီလိုမီတာ၊ ထိုင်းဘက်ခြမ်း၌ ချဉ်းကပ်လမ်း ၁၇ ဒသမ ၂၆ ကီလိုမီတာ ရှိကာ အကျယ်
၁၇ မီတာရှိကာ လေးလမ်းသွား ဖြစ်ကြောင်း တည်ဆောက်ရေးလုပ်ငန်းခွင်မှ သိရသည်။
အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဖြင့် ထိုင်းနိုင်ငံ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းမှ
တာဝန်ယူ ကာ ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၃ဝ ရက်က စတင်ပန္နက်ချတည်ဆောက်ခဲ့ခြင်း
ဖြစ်ပြီး တံတား တည်ဆောက်မှုကြောင့် မလွတ်ကင်းသဖြင့် ဖယ်ပေးလိုက်ရသည့် မြေယာ
များ၊ အိမ်များ၊ ဥယျာဉ်ခြံ မြေများအတွက် နစ်နာကြေးကိစ္စရပ်များလည်း လျော်ကြေးပေး
အပ်ပြီးဖြစ်ကြောင်း၊ လမ်းနှင့် ကုန်သွယ်ရေးအတွက် လိုအပ်သည့် ယာဉ်စစ်ကွင်းများ
အပါအဝင် တံတားတည်ဆောက်မှုလုပ်ငန်းတစ်ခုလုံးအား ၂ဝ၁၈ ခုနှစ် သတ်မှတ်ကာလ
အတွင်း ဖွင့်လှစ်နိုင်မည်ဟု အဆိုပါ တံတားတည်ဆောက်ရေးတာဝန်ခံ အရာရှိက ပြော
ကြားခဲ့သည်။









