၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပမည့်
ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေး
နှင့် ထုတ်ဝေရေးဦးစီးဌာန၊ နေပြည်တော်ပုံနှိပ်စက်ရုံ၌ ပုံနှိပ်လျက် ရှိကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၇ ရက်က ဖော်ပြထားသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်က ပုံနှိပ်ရန် ဇန်နဝါရီလ ၁၆ ရက်နေ့
တွင် စတင်အပ်နှံခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင်ပုံနှိပ်ခဲ့ကြောင်း၊ ဆန္ဒမဲလက်မှတ်များ
အချိန်မီ ပြီးစီးရေးအတွက် ဝန်ထမ်းများကို နေ့ဆိုင်း၊ ညဆိုင်း နှစ်ဆိုင်းခွဲ ချထားပြီး အချိန်မီအပ်နှံ
နိုင်ရေး ဆောင်ရွက်နေကြောင်း၊ ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ
ဇန်နဝါရီလ ၂၈ ရက်နေ့တွင် လွှဲပြောင်းအပ်နှံနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စက်ရုံမှူး ဦးမင်း
ကိုကိုက ပြောကြားခဲ့သည်။
ဆန္ဒမဲလက်မှတ်များကို ပုံနှိပ်ရာတွင် လုံခြံုရေးအမှတ်အသားထည့်သွင်းဆောင်ရွက်ထားပြီး ပြည်
ထောင်စု ရွေးကောက်ပွဲကော်မရှင်တံဆိပ်ပါ ရေစာဖြင့် ပြုလုပ်ထားကြောင်း၊ မဲလက်မှတ်ရိုက်မည့်
စက္ကူမှာ အဝါရောင် ဝူဖရီးစက္ကူဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ကုမ္ပဏီနှင့်
စာချုပ်ချုပ်စဉ်ကပင် လုံခြံုရေးအရ ပေါက်ကြားမှုမရှိစေရေး သေချာစွာ ဆောင်ရွက်ခဲ့သည့်အတွက်
မဲလက်မှတ်များကို အတုအပပြုလုပ်၍ မရနိုင်ကြောင်း၊ စက္ကူများတွင် ဆန္ဒမဲလက်မှတ် အမျိုးအစား
အလိုက် လုံခြံုရေးအမှတ်အသားများ ခွဲခြားပုံနှိပ်ထားကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်တွေကို နေပြည်တော်ပုံနှိပ်စက်ရုံတစ်ခုတည်းတွင်
သာ ရိုက်နှိပ်ခြင်းဖြစ်ပြီး လုံခြံုရေးအနေဖြင့် ပြင်ပလုံခြံုရေးနှင့် အတွင်းပိုင်းလုံခြံုရေးဟူ၍ နှစ်မျိုး ထားရှိ
ကြောင်း၊ အပြင်ပိုင်းလုံခြံုရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဆောင်ရွက်ပြီး အတွင်းပိုင်း လုံခြံုရေး
အတွက်မူ တာဝန်ချထားသော ဝန်ထမ်းများ၊ စက်ရုံအလုပ်သမားများအားလုံးကို လုံခြံုရေး မပေါက်ကြား
စေရန် လက်ကိုင်ဖုန်းများမှအစ ယူဆောင်လာခွင့် လုံးဝမပြုကြောင်း၊ လုံခြံုရေးဂိတ်တွင် စစ်ဆေးမှုခံယူ
ပြီးမှသာ လုပ်ငန်းခွင်ဝင်ရောက်စေခြင်း ဖြစ်ကြောင်း ဦးမင်းကိုကိုက ပြောကြားခဲ့သည်။










