KBZ Visa Credit Card စတင်မိတ်ဆက်

KBZ Visa Credit Card စတင်မိတ်ဆက်

ကမ္ဘောဇဘဏ်လီမိတက်နှင့် VISA တို့ ပူးပေါင်းဆောင်ရွက်သော KBZ Visa Credit Card
စတင် မိတ်ဆက်သည့် အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်မြို့ Melia Hotel တွင် ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် ဇန်နဝါရီလ ၂၇
ရက်က ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်နှင့် ကမ္ဘာ့အကြီးဆုံး ငွေ
ပေးချေမှု ကွန်ရက်ကို တည်ဆောက်ထားသည့် VISA တို့ ပူးပေါင်းကာ KBZ Visa Credit
Card ကို Classic Card နှင့် Platinum Card ဟူ၍ ပုံစံနှစ်မျိုးဖြင့် ထုတ်ဝေသွားမည် ဖြစ်
ကြောင်း၊ ကတ်နှစ်မျိုးစလုံးကို VISA ၏ ဆန်းသစ်သော payWave နည်းပညာဖြင့် ချိတ်ဆက်
လုပ်ဆောင်စေမည်ဖြစ်ပြီး ယခင် သမားရိုးကျကတ်ဖြတ်ခြင်း၊ ကတ်ထိုးထည့်ခြင်းသာမက
ငွေပေးချေမှုအတွက် လက်မှတ်မလိုဘဲ ကတ်ပေါ်ရှိ POS Terminal များအား ထိလိုက်ရုံဖြင့်
အသုံးပြုနိုင်စေမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကတ်ဖြင့် ကမ္ဘာတစ်ဝန်းမှ VISA လက်ခံသည့် ATM များ၊ POS များ စုစုပေါင်း သန်း
၄ဝ ကျော်နှင့် မြန်မာနိုင်ငံတွင် VISA အသုံးပြုနိုင်သော နေရာပေါင်း ရဝဝဝ ကျော်တွင် စျေးဝယ်
ခြင်း၊ ငွေပေးချေခြင်းနှင့် ငွေထုတ်ယူခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သကဲ့သို့ အဆိုပါကတ်ဖြင့်
သုံးစွဲငွေများကို ၄၅ ရက်အတွင်း ဘဏ်သို့ ပြန်လည်ပေးသွင်းပါက အတိုးမဲ့ဖြင့်လည်းကောင်း၊
၄၅ ရက် ကျော်လွန်မှ ပြန်လည်ပေးချေပါက သတ်မှတ်အတိုးနှုန်းဖြင့်လည်းကောင်း ပြန်လည်
ပေးချေရမည်ဟု ဆိုသည်။