ရန်ကုန်မြို့တော်အကျိုး ပါဝင်သယ်ပိုးသူများအား ဂုဏ်ပြုဆုချီးမြှင့်မည်

ရန်ကုန်မြို့တော်အကျိုး ပါဝင်သယ်ပိုးသူများအား ဂုဏ်ပြုဆုချီးမြှင့်မည်

၂ဝ၁၇ ဇန်နဝါရီမှ စတင်ကာ နှစ်ကုန်ပိုင်းအထိ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်သာယာရေး
လုပ်ငန်းများ၊ မြို့တော်အကျိုး ဖြစ်ထွန်းစေမည့် ကိစ္စရပ်များတွင် အင်တိုက်အားတိုက်ပါဝင်ကြ
သူများအား ရွေးချယ်ကာ ၂ဝ၁၇ နှစ် ကုန်ပိုင်းတွင် ဂုဏ်ပြုဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၂၅ ရက်က မြေနီကုန်းခုံးကျော်
တံတားအောက် အနုပညာ ဖန်တီးမှုဖွင့်ပွဲတွင် ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် ဇန်နဝါရီလ ၃၀ ရက်က ဖော်ပြထားသည်။

ရန်ကုန်မြို့တော်အကျိုး စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်သူများကို ဂုဏ်ပြုဆုချီးမြှင့်ရန် ရှိကြောင်း၊
၂ဝ၁၇ နှစ်ကုန်ပိုင်းတွင် ဂုဏ်ပြုချီးမြှင့်မည် ဖြစ်ပြီး မည်သူက မည်မျှပါ၀င်ဆောင်ရွက်နိုင်သည်ကို ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ မြေနီကုန်းခုံးတံတားအောက်တွင်လည်း လူငယ်လေးတစ်ဦး
သန့်ရှင်းရေး အမြဲလာလုပ်သည်ဟူသော သတင်းများကို ကြားသိနေရကြောင်း ဝန်ကြီးချုပ်၏
ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ ခရီးသည်တင်ယာဉ်လိုင်းများဖြစ်သော YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲ
ချိန်တွင် ခရီးသည်များသွားလာမှု အဆင်ပြေစေရေးအတွက် စေတနာ့ဝန်ထမ်းများအဖြစ် လူငယ်
များက တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး လူမှုအကျိုးပြုနှင့် ရပ်ရွာအကျိုးပြုကိစ္စရပ်များတွင် ပရ
ဟိတ သယ်ပိုးလိုသူ လူငယ်လူရွယ်များ များပြားလာခြင်းကြောင့် ဂုဏ်ပြုဆုချီးမြှင့်ပေးခြင်းသည်
လူငယ်များအတွက် အားတက်စရာ အသိအမှတ်ပြုမှုပင်ဖြစ်ကြောင်း စေတနာ့ဝန်ထမ်းအဖြစ်
ဆောင်ရွက်နေကြသည့် လူငယ်များက ပြောကြားခဲ့သည်။