၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ဗုဒ္ဓဓမ္မစာပေများ သင်ကြားလျက် ရှိကြသည့် မြန်မာနိုင်ငံ
အပါအဝင် အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒို
နီးရှား၊ ကိုရီးယား၊ လာအို၊ နီပေါ၊ သီရိလင်္ကာ၊ ဗီယက်နမ် စသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ
နိုင်ငံခြားသား ရဟန်းတော်များ၊ သီလရှင်များ စုစုပေါင်းအပါး ၁၃ဝ ကျော်တို့သည် ဇန်နဝါရီ
လ ၂၇ ရက်က ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက်သို့ ပိဏ္ဍစာရ ဆွမ်းဝတ်
လက်တွေ့ကျင့်သုံး အလှူခံကြွရောက်ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် ဇန်နဝါရီလ ၃၀ ရက်က ဖော်ပြထားသည်။
အဆိုပါ ဆွမ်းခံကြွရောက်မှုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ
ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော် ဒေါက်တာ
ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြု၍ ဌာနကြီးမှူးပါမောက္ခဆရာတော်ကြီးများက ဦးဆောင်ခဲ့ကြောင်း
သိရသည်။
ပိဏ္ဍစာရဆွမ်းဝတ်လက်တွေ့ကျင့်သုံး အလှူခံကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာ
တော်များနှင့် သီလရှင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်
သာသနာ့နုဂ္ဂဟအသင်းနှင့် ဓမ္မသာလာဓမ္မာရုံ ဂေါပကအဖွဲ့တို့မှ ဥက္ကဋ္ဌများနှင့် ဂေါပကအဖွဲ့များ၊
ရပ်မိရပ်ဖများ၊ ပညာရေးမိသားစုများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက် ၁၉ ရပ်ကွက်ရှိ
ဓမ္မာရုံများနှင့် စေတနာရှင် အလှူရှင်များက ဆွမ်းကွမ်းဟင်းနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လောင်း
လှူခဲ့ကြကြောင်း သိရသည်။










