တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် သံဃာအပါးတစ်ထောင်ကျော်ကို ဆွမ်းလောင်းလှူ

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် သံဃာအပါးတစ်ထောင်ကျော်ကို ဆွမ်းလောင်းလှူ

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲအထိမ်းအမှတ်အနေဖြင့် ဇန်နဝါရီ ၂၈ ရက်က နိုင်ငံတော်သံဃမဟာ
နာယကအဖွဲ့မှ ဆရာတော်ကြီးများ၊ ကျောင်းတိုက်အသီးသီးမှ သံဃာတော် ၁၃၅၅ ပါး၊ တရုတ်
ဘုန်းတော်ကြီး အပါး ၉ဝ ၊ သီလရှင် ဆရာကြီး၊ ဆရာလေး အပါး ၁၁ဝ အပါအဝင် စုစုပေါင်း
၁၅၅၅ ပါးအား လမ်းမတော်၊ မဟာဗန္ဓုလလမ်းဆုံမှ ရွှေတိဂုံဘုရားလမ်းအထိ အာရုံတန်းဆွမ်း
လောင်းလှူခဲ့ကြောင်း မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်း၏ ပြောကြားချက်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

နိုင်ငံတကာ မြို့ပြများကဲ့သို့ နိုင်ငံခြားသားခရီးသွားဆွဲဆောင်မှုအနေဖြင့် ယခုနှစ်တွင် ကျရောက်
သော တရုတ်ရိုးရာ ကြက်နှစ်ကို ကြိုဆိုသည့် နှစ်သစ်ကူးပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်
နိုင်ငံ သံရုံးက ပံ့ပိုးကူညီမှုဖြင့်အတူ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်း၊ တရုတ်လူမှုရေး
အသင်း၊ ယူနန် အသင်း၊ ဖူကျန့်အသင်း၊ ကွမ်တုံအသင်းတို့ ပူးပေါင်းကာ စည်ကားသိုက်မြိုက်စွာ
ကျင်းပခြင်း ဖြစ်သည်ဟု ဆိုသည်။

နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် မဟာဗန္ဓုလလမ်းတစ်လျှောက်တွင် မီးပုံးများ၊ မီးအလှများ
ချိတ်ဆွဲထားပြီး မုခ်ဦးတည်ဆောက်ထားကာ အလှဆင်ထားကြောင်း၊ ပွဲတော်နှင့်အတူ စတုဒိသာ
ကျွေးမွေးရေး အစီအစဉ်များပါဝင်ပြီး တရုတ်ရိုးရာခြင်္သေ့၊ နဂါးအကများဖြင့်လည်း လှည့်လည်ကပြ
ခဲ့ကြောင်း၊ တရုတ်နိုင်ငံယဉ်ကျေးမှုအဖွဲ့များကလည်း လာရောက်ကပြကြကာ တရုတ်-မြန်မာ့ရိုးရာ ဓလေ့ယဉ်ကျေးမှုများကို ပေါင်းစပ်ဖျော်ဖြေခဲ့ကြောင်း သိရသည်။