ပုဂံဒေသတွင် မီးပုံးပျံစီးလိုသည့် ခရီးသွားဧည့်သည်နှင့် မီးပုံးပျံအလုံးရေ မျှတမှုမရှိသေး

ပုဂံဒေသတွင် မီးပုံးပျံစီးလိုသည့် ခရီးသွားဧည့်သည်နှင့် မီးပုံးပျံအလုံးရေ မျှတမှုမရှိသေး

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အထက်ဝေဟင်မှ မီးပုံးပျံစီး၍ ကြည့်ရ
လေ့လာလိုသော ကမ္ဘာလှည့် ခရီးသည်အရေအတွက်များပြားသော်လည်း လက်ရှိ
တွင် မီးပုံးပျံစီးလိုသည့် နိုင်ငံခြားသားဧည့်သည်နှင့် ပုဂံဒေသအတွင်းရှိ မီးပုံးပျံအလုံး
ရေမှာ မျှတမှုမရှိသေးကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)
မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
ဇန်နဝါရီလ ၃၀ ရက်က ဖော်ပြထားသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း
ပြည်ပ ခရီးသွား ဧည့်သည်များအနေဖြင့် ပုဂံဒေသ၏ စေတီမြင်ကွင်း၊ ဧရာဝတီမြစ်ကြောင်း
ရှုခင်း၊ တုရင်တောင်၊ တန့်ကြည် တောင်ရှုခင်း အလှအပများကို ကောင်းကင်ယံမှ ကြည့်ရှု
လိုကြသော်လည်း လက်ရှိပုဂံဒေသ၌ မီးပုံးပျံ အရေအတွက်နည်းပါးပြီး မီးပုံးပျံစီးလိုသည့်
နိုင်ငံခြားသားဧည့်သည်များပြားနေမှုကြောင့် နှစ်ရက်၊ သုံးရက် ကြိုတင်စာရင်းပေးခြင်းများ
ပြုလုပ်နေကြရကြောင်း၊ လက်ရှိ ပုဂံဒေသ၌ ခရီးသွားကုမ္ပဏီ ၃ ခု၊  မီးပုံးပျံ ၂၁ လုံးဖြင့်သာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်သေးသဖြင့် မီးပုံးပျံစီးလိုသူများအတွက် မီးပုံးပျံ
အလုံးရေ ရာနှုန်းပြည့် မဖြည့်ဆည်းပေးနိုင်သေးကြောင်း သိရသည်။

ပုဂံဒေသတွင် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလမှစ၍ ၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီလထိ အဆိုပါကုမ္ပဏီ
များက မီးပုံးပျံဖြင့် ခရီးသွားဝန်ဆောင်မှုများ ပြုလုပ်ပေးနေခဲ့ခြင်း ဖြစ်ပြီး ဇုန်အတွင်း မီးပုံးပျံဖြင့်
ပျံသန်းလေ့လာမှုခွင့်ပြုချိန်မှာ တစ်နာရီသတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ မီးပုံးပျံစီးရာတွင်
အရွယ်အစားအလိုက် ၈ ဦးမှ ၁၆ ဦးအထိ စီးနင်းနိုင်ပြီး မီးပုံး ပျံတစ်လုံးလျှင် လိုက်ပါသည့် လူဦး
ရေအပေါ် မူတည်၍ အများဆုံး ဒေါ်လာ ၉၅ဝ ပေးရသည်ဟု ဆိုသည်။