မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသဘက်စုံဖွံ့ဖြိုးရေးဌာန (ICIMOD) နှင့်
ပူးပေါင်း၍ မဲခေါင်၊ ယန်စီနှင့် သံလွင်မြစ်တို့မြစ်ဖျားခံရာ ဟိမဝန္တာတောင်တန်းဒေသထိန်းသိမ်း
ရေးလုပ်ငန်းများတွင် ပါဝင်မည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၂၇ ရက်က
ဖော်ပြထားသည်။
အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်နှင့် ဘူတန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေသော ဟိမဝန္တာ တောင်တန်းဒေသထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ICIMOD အဖွဲ့
ဝင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံကို ယခုနှစ်တွင် ဖိတ်ခေါ်ခြင်း ဖြစ်ပြီး ထိန်းသိမ်းရေးလုပ်ငန်းများကို
၂ဝ၁၈ ခုနှစ်တွင် စတင်ကာ ငါးနှစ်စီမံကိန်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါငါးနှစ်
စီမံကိန်းတွင် တောင်တန်းဒေသ၌ နေထိုင်သည့် ဒေသခံများ လူမှုဘဝဖွံ့ဖြိုးရေး၊ ရေခဲ အရည်ပျော်
ခြင်းကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေး အန္တရာယ်များကို နည်းပညာဖြင့် ပူးပေါင်းအဖြေရှာရေးနှင့်
သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း သိရသည်။
ဟိမဝန္တာတောင်တန်းဒေသ ထိန်းသိမ်းရေးအတွက် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံ
ဖွံ့ဖြိုးရေးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
မှုများ ပြုလုပ်ခဲ့ပြီး သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ရေဝေရေလဲ အုပ်ချုပ်ရေးလုပ်ငန်း
များတွင် ပူးပေါင်း ဆောင်ရွက်ရန်တို့အပြင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ပူးပေါင်းအကောင်
အထည်ဖော်ရန်နှင့် သဘာဝဘေးအန္တရာယ်များ တွေ့ကြံုရပါက ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး
ဖြစ်သည်ဟု ဆိုသည်။










