မြန်မာနှင့် သြစတြီးယား နှစ်နိုင်ငံချစ်ကြည်ရေး ရန်ပုံငွေကပွဲ Vienna Ball Yangon ကျင်းပမည်

မြန်မာနှင့် သြစတြီးယား နှစ်နိုင်ငံချစ်ကြည်ရေး ရန်ပုံငွေကပွဲ Vienna Ball Yangon ကျင်းပမည်

သြစတြီးယားဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးနှင့်Rotary Club of Yangon တို့
ပူးပေါင်းကျင်းပမည့် ပထမဆုံးသော Vienna Ball Yangon ကပွဲကို မတ်လ ၄
ရက်တွင် ကပြဖျော်ဖြေကာ ရရှိလာမည့် ရန်ပုံငွေများကို လိုအပ်နေသည့် ဒေသ
များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လှူဒါန်းမှုများ ပြုလုပ်သွား
မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်န
၀ါရီလ ၂၇ ရက်က ဖော်ပြထားသည်။

မြန်မာနှင့် သြစတြီးယား နှစ်နိုင်ငံချစ်ကြည်ရေးကို တိုးမြှင့်မည့် အဆိုပါ ရန်ပုံငွေ
ကပွဲကို ရန်ကုန်မြို့၌ ကျင်းပရန် ရည်ရွယ်ထားပြီး မြို့တော်နှစ်ခု၊ နှစ်နိုင်ငံမှသည်
ကမ္ဘာ့တိုက်ကြီးနှစ်တိုက်၏ ယဉ်ကျေးမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် စီးပွားရေး
ဆိုင်ရာ ပေါင်းစည်းဆက်သွယ်မှုများကို အကောင်အထည်ဖော်ရန် ရည်ရွယ်
ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ကပွဲတွင် သြစတြီးယားဂီတမှူး Mr. Goesta Muller ဦးဆောင်သည့် သံစုံတီးဝိုင်း
ဖြင့်  တီးခတ်ဖျော်ဖြေမည် ဖြစ်ပြီး မျက်နှာသစ် မြန်မာအက မောင်မယ် စုံတွဲများက
နာမည်ကြီး ဗီယင်နာအကဆရာ Mr.Heinz Heindenreic ၏ သင်ကြားပြသမှုဖြင့်
ကပြဖျော်ဖြေသွားမည် ဖြစ်သည်။

ရန်ပုံငွေပွဲမှရရှိလာမည့် အလှူငွေများကို ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊
မန်ကျည်းပင်စုကျေးရွာတွင် ဆောင်ရွက်နေသည့် သောက်သုံးရေသန့်ရှင်းရေးစီမံကိန်း
နှင့် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်များရှိ စစ်ဘေးရှောင်ဒေသခံများထံသို့ လှူဒါန်းသွား
မည် ဖြစ်ကြောင်း Rotary Club of Yangon ၏ ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက ပြောကြား
ခဲ့သည်။

ရန်ပုံငွေကပွဲအတွင်း သြစတြီးယား ရိုးရာအစားအသောက်များနှင့် ဗီယင်နာ ဘဲလေးရိုးရာ
အကများကို ကြည့်ရှုခွင့်ရရှိမည် ဖြစ်ကာ စိတ်ပါဝင်စားသူများရှိပါကလည်း ဗီယင်နာအက
ကို အခမဲ့သင်ကြားပေးရန် လက်ခံမည် ဖြစ်ကြောင်း သိရသည်။

ကပွဲတွင် ဧည့်သည်နှင့် အလှူရှင် စုစုပေါင်း ၃ဝဝ ခန့်ကို ကြည့်ရှုခွင့်ပြုနိုင်မည် ဖြစ်ပြီး မြန်မာ
နိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်၍ လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ကြောင်း
သြစတြီးယားဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် ဦးအောင်သန်းဌေးက ပြောကြားခဲ့သည်။