မြန်မာနိုုင်ငံတွင် ဘီပိုးကာကွယ်ဆေးအောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ ဖြစ်

မြန်မာနိုုင်ငံတွင် ဘီပိုးကာကွယ်ဆေးအောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ ဖြစ်

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးကို
အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ ဖြစ်ပြီး လိုအပ်သောနေရာများတွင် ကာကွယ်ဆေးလိုက်လံ
ထိုးနှံပေးလျက် ရှိကြောင်း ဆေးဝါးစက်ရုံ (အင်းစိန်) မှ ဒုတိယ စက်ရုံမှူး ဦးဝင်းဌေး၏
ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဇန်နဝါရီလ ၃၁ ရက်က ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်တွင် ကိုရီးယားနိုင်ငံ LG Life Science (LGLS) ကုမ္ပဏီနှင့် ပူးပေါင်း၍ ဘီပိုး
ကာကွယ်ဆေးကို ထုတ်လုပ်ရန် ကြိုးပမ်းခဲ့ကြောင်း၊ LGLS သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့
အစည်းမှ အသိအမှတ်ပြုထားသော WHO Prequalification Certificate ရရှိထားသည့်
ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး ယခုအခါတွင် စက်မှုဝန်ကြီးဌာန၊ ဘီပီအိုင် (ဆေးဝါး
စက်ရုံ၊ အင်းစိန်) နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်းသို့ Euvax BTM အမည်ဖြင့် (ဘီ)
ပိုးကာကွယ်ဆေးများ ထုတ်လုပ်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဘီပိုး ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး
မြို့နယ် ခရေပင်လမ်းနှင့် အမှတ် (၇) လမ်းမကြီးထောင့်တွင် တည်ရှိပြီး ဘီပိုးကာကွယ်ဆေး
ထိုးနှံရေးအတွက် ဖုန်းနံပါတ် ၀၁-၆၄၆၂၇၃၊ ၀၉-၄၄၈၀၃၂၉၀၈၊ ၀၉-၅၁၅၆၁၉၅ နှင့် ၀၉-
၅၀၈၅၄၅၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ (ဘီ) ပိုးကူးစက်ခံရသူ ငါးသန်းကျော် ရှိပြီး ဘီပိုး
ရှိ၊ မရှိ စစ်ဆေးပြီးနောက် ရောဂါပိုးရှိပါက ချက်ချင်း ကာကွယ်ဆေးထိုးသင့်ကြောင်း၊ အထူး
သဖြင့် ခုခံမှု အားနည်းသော မွေးကင်းစနှင့် ငါးနှစ်အောက် ကလေးငယ်များတွင် ကာကွယ်
ဆေးထိုးသင့်ကြောင်း သိရသည်။