သောက်ရေသန့်များထုတ်လုပ်ရာတွင် တရားဝင်ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်ပါက တရားစွဲဆို
အရေးယူသွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြား
ရေးမှူးချုပ် ဒေါက်တာသန်းထွဋ်၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် ဇန်နဝါရီလ ၃၁ ရက်က ဖော်ပြထားသည်။
နိုင်ငံတော်အစိုးရ၏ အမိန့်ညွှန်ကြားချက်အရ သောက်ရေသန့်များကို ထုတ်လုပ်ခွင့်မရှိဘဲ
ထုတ်လုပ်ပါက တရားစွဲဆိုသွားမည် ဖြစ်ပြီး ပြစ်ဒဏ်ချခြင်းကိုမူ တရားရုံးက ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း၊ အစားအသောက်များ အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရေး
အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်မြို့၊ မင်းကျောင်းလမ်း
ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ၊ ရန်ကုန်၌ ပြုလုပ်သော သောက်
ရေသန့်လုပ်ငန်းရှင်များအား အသိပညာပေးတွေ့ဆုံပွဲ အခမ်းအနားတွင် ၎င်းက ပြောကြား
ခဲ့ခြင်း ဖြစ်သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အရေးယူမှုအပိုင်းကို တင်းကျပ်စွာ
လုပ်ဆောင် သွားမည် ဖြစ်သော်လည်း ရေသန့်လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အဏုဇီဝ စံသတ်မှတ်ချက်တစ်ခု ဖြစ်
သည့် Standard Plate Count ကို မူလက ၁၀၀ သတ်မှတ်ထားရာမှ ယနေ့မှစ၍ ၅၀၀ ထိ
လျှော့ချသတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။
သောက်ရေသန့်များ ထုတ်လုပ်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏
ထောက်ခံချက်ရှိသော၊ လုပ်ငန်းလိုင်စင်ရှိသော၊ သက်တမ်းရှိသော လုပ်ငန်းသာ ထုတ်လုပ်
ခွင့်ရှိကြောင်း၊ ယနေ့အထိ ထောက်ခံချက်ပေးထားသော လုပ်ငန်း ၉၇၄ ခု ရှိပြီး ထောက်ခံ
ချက်ပေးထားသော သောက်ရေသန့်လုပ်ငန်းများအနေဖြင့်လည်း ၂ နှစ်တစ်ကြိမ် သက်တမ်း
တိုးရမည် ဖြစ်ကြောင်း၊ သက်တမ်းတိုး စစ်ဆေးဆဲ ကာလတွင် ထုတ်လုပ်ခွင့်မရှိကြောင်း
သိရသည်။
သောက်ရေသန့်များ ထုတ်လုပ်ရာတွင် ကမ္ဘာ့အဆင့် စံသတ်မှတ်ချက် မမီသေးသည့်တိုင်
အာဆီယံအဆင့် သတ်မှတ်ချက်များနှင့်အညီ တဖြည်းဖြည်း စစ်ဆေးကြပ်မတ်မှုများ အရှိန်
အဟုန် မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။









