ရှေးဟောင်းရခိုင်ယဉ်ကျေးမှုလက်ရာများ တည်ရှိရာ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အသေးစိတ် လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ၏ အကူအညီဖြင့် 3D မြေပုံ ရေးဆွဲ
ထုတ်လုပ်ရန် စီစဉ်လျက် ရှိကြောင်း မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး
ဌာန၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဇန်နဝါရီလ ၃၁ ရက်က ဖော်ပြထားသည်။
တရုတ်နိုင်ငံမှ ပညာရှင် ၁၀ ဦး ပါ၀င်သော အဖွဲ့နှင့် မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသား
ပြတိုက် ဦးစီးဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ မြောက်ဦးမြို့အား 3D မြေပုံရေးဆွဲရန်နှင့် ကောင်းကင်
မြေပုံရိုက်ကူးနိုင်ရန် ဇန်နဝါရီ ၂၇ ရက်က မောင်းသူမဲ့ လေယာဉ်များဖြင့် ရှုထောင့်ပေါင်းစုံမှ ရိုက်ကူး
ခဲ့ကြကြောင်း သိရသည်။
အဆိုပါအဖွဲ့အနေဖြင့် မြောက်ဦးယဉ်ကျေးမူနယ်မြေရှိ အထင်ကရနေရာများဖြစ်သော ရှေး ရခိုင်
နန်းတော် ဖြစ်ခဲ့သည့် နန်းတော်ရာကုန်း၊ သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်၊ လောင်းဗွန်း
ပြောက်နှင့် မာန်ငါးပါးစေတီများ စသည့် ထုထည်ကြီးမားသော စေတီပုထိုးများအား မောင်းသူ
မဲ့ ဒရုန်းလေယာဉ်ဖြင့် ထောင့်ပေါင်းစုံမှ ရိုက်ကူးကာ 3D မြေပုံရေးဆွဲနိုင်ရန် စီစဉ်နေကြပြီး
ကျန်ရှိနေသေးသည့် အခြားနေရာများကိုလည်း နောက်အကြိမ်များတွင် လာရောက်၍ ထပ်မံ
ရိုက်ကူးကြမည် ဖြစ်ကြောင်း သိရသည်။
မြောက်ဦးမြို့သည် ရခိုင်ဘုရင်တို့ နောက်ဆုံးစိုးစံခဲ့သော မြို့တော်ဖြစ်ပြီး ၁၄၃၀ ပြည့်နှစ်မှ ၁၇၈၅
အထိ ရှည်ကြာခဲ့သည်။ မြို့တည်ဘုရင် မင်းစောမွန်သည် တောတောင်ချောင်းမြောင်းများကို အခြေ
ခံကာ ခံတပ်မြို့ ကြီးသဖွယ်ဖြစ်အောင် တည်ဆောက်ခဲ့ကာ ရခိုင်မင်းဆက်ပေါင်း ၄၉ ဆက်၊ ၃၅၄
နှစ် ကြာရှည်ခဲ့သဖြင့် ရခိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ နေရာ ဖြစ်သည်။










