YBS စနစ်သစ်ယာဉ်လိုင်းတွင် နံပါတ်(၁၄) လမ်းကြောင်း ပြောင်းလဲ ပြေးဆွဲ

YBS စနစ်သစ်ယာဉ်လိုင်းတွင် နံပါတ်(၁၄) လမ်းကြောင်း ပြောင်းလဲ ပြေးဆွဲ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း ဘုရင့်နောင်လမ်းဆုံမှ သခင်မြပန်းခြံသို့
ပြေးဆွဲနေသည့် YBS လိုင်းနံပါတ် (၁၄)၏ မူလသတ်မှတ်လမ်းကြောင်းတစ်လျှောက်မှ
မှတ်တိုင်အချို့ကို ဖျက်သိမ်းလိုက်ကြောင်း ဘတ်စ်ကားယာဉ်မောင်းများ၏ ပြောကြားချက်
ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၃၁ ရက်က ဖော်ပြထားသည်။

YBS လိုင်းနံပါတ် (၁၄) လမ်းကြောင်းတွင် အဝိုင်းလေးမှတ်တိုင်နှင့် ကြားမှတ်တိုင်တို့
အကြားရှိ တာမွေအဝိုင်း အပါအဝင် မှတ်တိုင် (၈) ခုခန့်သို့ လှည့်လည်ပြေးဆွဲပေးတော့
မည်မဟုတ်ဘဲ အဝိုင်းလေးမှတ်တိုင်ပြီးနောက် ကြား မှတ်တိုင်သို့ ဆက်လက်ပြေးဆွဲမည်
ဖြစ်ကြောင်း သိရသည်။

လမ်းကြောင်းသစ်အရ YBS လိုင်းနံပါတ် (၁၄)သည် မြောက်ဒဂုံ-ဘုရင့်နောင်လမ်း-ပင်လုံ
လမ်း-ရတနာလမ်း-မိုးကောင်းလမ်း-မှတ်တမ်း ရုံး- အဝိုင်းလေး- ကြားမှတ်တိုင်- ရန်ရှင်း
လမ်း- စက်မှု(၁)လမ်း- ကုက္ကိုင်း- သခင်မြပန်းခြံသို့ ပြေးဆွဲမည်ဖြစ်ပြီး ကုလားစျေး-လမ်း
ဆုံ-ကျောင်း-တာမွေအဝိုင်းထိပ်-မြလမ်း-လမ်းဆုံ-မင်းလမ်း-စျေးကွေ့ စသည့် မှတ်တိုင်
(၈) ခု သို့ ရောက်ရှိတော့မည် မဟုတ်ကြောင်း သိရသည်။

အများပိုင်ဘတ်စ်ကားစနစ် စတင်ပြောင်းလဲသော ဇန်နဝါရီ ၁၆ ရက်တွင် YBS ယာဉ်လိုင်း
ပေါင်း (၇၁)လိုင်း စတင်ပြေးဆွဲခဲ့ပြီး၊ စီးနင်းသူပြည်သူအများစုမှာ ယာဉ်အဆင့်ဆင့် ပြောင်း
စီးရသည့် အခက်အခဲများရှိနေကာ သတ်မှတ်လမ်းကြောင်းများနှင့် ပတ်သက်၍ အခက်အခဲ
ရှိနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်းများမှ ယာဉ်အစီးရေ
(၃၀၀၀)ခန့် ပြေးဆွဲနေကြပြီး၊ တရုတ်နိုင်ငံမှ ဘတ်စ်ကား အစီးရေ (၁၀၀၀) ခန့် ထပ်မံဝယ်ယူ
ဖြည့်တင်းကာ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။