ရွှေတိဂုံစေတီတော် မော်ကွန်းတင်ဓာတ်ပုံပြိုင်ပွဲ ယခုနှစ်အတွင်း ကျင်းပမည်

ရွှေတိဂုံစေတီတော် မော်ကွန်းတင်ဓာတ်ပုံပြိုင်ပွဲ ယခုနှစ်အတွင်း ကျင်းပမည်

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကြည်ညိုဖွယ်ရာ မြင်ကွင်းဓာတ်ပုံများကို
သက်ဆိုင်ရာမှ မှတ်တမ်းတင် သိမ်းဆည်းထားရန်နှင့် ဘုရားဖူးလာသူများ ဖူးမြော်နိုင်စေ
ရန် ရွှေတိဂုံစေတီတော် မော်ကွန်းတင် ဓာတ်ပုံပြိုင်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားမည်
ဖြစ်ကြောင်း အဆိုပါ စေတီတော်ဂေါပကအဖွဲ့၏ ပြောကြား ချက်ကို ကိုးကားကာ မြဝတီ
သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁ ရက်က ဖော်ပြထားသည်။

အဆိုပါ ဓာတ်ပုံပြိုင်ပွဲကို ကြည်ညိုဖွယ် အဖုံဖုံ မြတ်ရွှေတိဂုံ၊ အနုလက်ရာ ပန်းပူဇာ စသည့်
ခေါင်းစဉ်များဖြင့် ကျင်းပမည် ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် ပြိုင်ပွဲဝင်လျှောက်လွှာ
ပုံစံများကို ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး၌ ရယူနိုင်ပြီး ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ ဓာတ်ပုံများ ပေးပို့ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်မည့်သူများအနေဖြင့် ဓာတ်ပုံများရိုက်ကူးရာတွင် အကူအညီများလိုအပ်ပါက စေတီတော်
ဂေါပကအဖွဲ့က ကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။ အလားတူဓာတ်ပုံပြိုင်ပွဲမျိုးကို ၂ဝ၁၂ ခုနှစ်
ကလည်း တစ်ကြိမ်ကျင်းပဖူးပြီး ယခုနှစ်တွင် မော်ကွန်းတင်ဓာတ်ပုံပြိုင်ပွဲအဖြစ် ပိုမိုကျယ်ပြန့်စွာ
စီစဉ်ကျင်းပရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ငွေကျပ်ငါးသိန်း၊ ဒုတိယဆု ငွေကျပ်လေးသိန်း၊ တတိယ
ဆု ငွေကျပ် သုံးသိန်းနှင့် နှစ်သိမ့်ဆု သုံးဆုကို တစ်ဆုလျှင် ငွေကျပ်တစ်သိန်းစီ ပေးအပ်ချီးမြှင့်သွား
မည် ဖြစ်သည်။ အဆိုပါ ဓာတ်ပုံပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ရွှေတိဂုံစေတီတော်
ဂေါပကအဖွဲ့ရုံး ဖုန်း ဝ၁- ၃၈၃၅၁၂ နှင့် ဝ၁- ၃၇၅၇၆၇ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း
သိရသည်။