မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တည်ဆောက်လျက်ရှိသည့် အမျိုးသားဘောလုံးအကယ်ဒမီ
(ရန်ကုန်) ဖွင့်ပွဲကို ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုတက်ရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး
ဌာန၏ လူမှု ကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁ ရက်က ဖော်ပြထားသည်။
အဆိုပါဘောလုံးအကယ်ဒမီကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ ပံ့ပိုးငွေ၊ မြန်မာနိုင်ငံ ဘောလုံး
အဖွဲ့ချုပ်ဥက္ကဋ္ဌတည်ထောင်ထားသော ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးမှုတို့ဖြင့် တည်ဆောက်ခဲ့ခြင်း
ဖြစ်သည်။
အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) တွင် အကယ်ဒမီအဆောက်အအုံ၊ မြက်ခင်းတု လေ့ကျင့်
ရေးကွင်း နှစ်ကွင်းတို့ ပါဝင်ပြီး ဒေါ်လာ ၂၇၈၄၇၉၄ အကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အင်ဖန်တီနိုသည် ဖီဖာဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာ
ရောက်ခြင်းဖြစ်ပြီး တစ်ရက်ကြာခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းတွင် ကျင်းပမည့်
အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးမည် ဖြစ်
ကြောင်း၊ အာရှဘောလုံးအဖွဲ့ချုပ်နှင့် အာဆီယံဘောလုံး အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ အာရှဒေသ
တွင်း ဘောလုံးအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ဘောလုံးအကယ်ဒမီသုံးခု တည်ထောင်ထားပြီး မန္တလေးနှင့် ပုသိမ်မြို့ရှိ
ဘောလုံးအကယ်ဒမီများတွင် လူငယ်ကစားသမားများကို သင်ကြားပေးလျက် ရှိသည်။ မြန်မာဘောလုံး
အကယ်ဒမီ (မန္တလေး) ကို ၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ခဲ့ပြီး ယခင် ဖီဖာဥက္ကဋ္ဌဟောင်း
ဆပ်ဘလတ္တာ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တည်ထောင်ခဲ့သည့် ငါးနှစ်ကျော်ကာလအတွင်း မြန်မာ့
ဘောလုံးလောကအတွက် ကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ခဲ့ပြီး အောင်သူ၊ ကျော်မင်းဦး
စသည့်ကစားသမားများမှာ အဆိုပါအကယ်ဒမီမှ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။










