မြို့ပြင်လမ်းကြောင်းများတွင် ပြေးဆွဲလျက်ရှိသော ဒိုင်နာနှင့် ဘီအမ်ခရီးသည်တင်ယာဉ်
များမှာ ဧပြီလ ၁၆ ရက် အထိသာ ပြေးဆွဲခွင့်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ ပြောကြားချက်ကို ကိုးကား
ကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁ ရက်က ဖော်ပြထားသည်။
ခရီးသည်များ၏ လိုအပ်ချက်နှင့် ယာဉ်ပိုင်ရှင်များ၏ တင်ပြမှုတို့ကြောင့် ယခုပြောင်းလဲလိုက်
သော ဘတ်စ်ကား စနစ်သစ်တွင် အဆိုပါယာဉ်များကို သုံးလခွင့်ပြုထားသော်လည်း ယင်း
နေ့ရက်အထိသာ ပြေးဆွဲခွင့်ရမည် ဖြစ်သည်။ မြို့ပြင်လမ်းကြောင်းများနှင့် ဆက်စပ်ပြီး ပြေး
ဆွဲရန် လျှောက်ထားသူ နည်းပါးခြင်း၊ အဆိုပါဒေသများမှ ခရီးသည်များ သွားလာမှုလွယ်ကူ
စေရေးနှင့် ပြင်ဆင်မှုများ လုပ်ဆောင်နေချိန်၊ အဆင်သင့်မဖြစ်သေးချိန်တွင် သုံးလ ပြေးဆွဲ
ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု
အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ပြောကြားခဲ့သည်။
ယခု စုပေါင်းပြေးဆွဲသည့် YBS ယာဉ်လိုင်းစနစ်တွင် မြို့တွင်းနှင့် ဆက်စပ်သည့် ခရီးစဉ်
လမ်းကြောင်း ၆ဝ အတွင်း ပြေးဆွဲခွင့်လျှောက်ထားသည့် ယာဉ်လိုင်းအများဆုံးဖြစ်ပြီး မြို့ပြင်ဆက်စပ်လမ်းကြောင်းများအတွင်း ပြေးဆွဲရန် ယာဉ်အစီးရေ လုံလောက်မှုမရှိသဖြင့်
၁၉၉၅ မော်ဒယ်အောက် ဒိုင်နာနှင့် ဘီအမ် ခရီးသည်တင် ယာဉ်များကို သုံးလကြာ ယာယီ
ပြေးဆွဲခွင့် ပြုခြင်းဖြစ်သည်။
ယခု ယာဉ်စနစ်တွင် သဘာဝ ဓာတ်ငွေ့ အသုံးပြုသော ခရီးသည်တင်ယာဉ်များ ဖြစ်ကြသည့်
ဒိုင်နာ ၁၄၃ စီးနှင့် ဘီအမ် ၂၇၇ စီးတို့ ပါဝင်ပြေးဆွဲရန် လျှောက်ထားကြောင်း သိရသည်။










