ဆားကွင်းများနေရာ၌ မွေးမြူရေးလုပ်ငန်းသုံး အစာ အာဒီမီးယား မွေးမြူခြင်း လုပ်ငန်းကို အကောင်အထည်ဖော်သွားမည်

ဆားကွင်းများနေရာ၌ မွေးမြူရေးလုပ်ငန်းသုံး အစာ အာဒီမီးယား မွေးမြူခြင်း လုပ်ငန်းကို အကောင်အထည်ဖော်သွားမည်

ဧရာဝတီတိုင်းဒေသကြီးရှိ ဆားကွင်းများနေရာ၌ မွေးမြူရေးလုပ်ငန်းသုံးအစာ အာဒီမီးယား
မွေးမြူခြင်း လုပ်ငန်း ကို အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်
များ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၂ ရက်က
ဖော်ပြထားသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ဆားကွင်းများ တည်ရှိရာ မြို့နယ်များ၌ ဆားချက်ခြင်းလုပ်ငန်းဖြင့်သာ
အသက်မွေး ဝမ်းကျောင်းပြုရာမှ နာဂစ်မုန်တိုင်းဖြစ်ပွားပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်
သည့် ဆားကို ပြည်ပနိုင်ငံ များမှ ဝယ်ယူခြင်းမရှိသည့် အတွက် ဆားလုပ်ငန်းများမှာ အရှုံးပေါ်ခဲ့
ရခြင်း ဖြစ်သည်။

လပွတ္တာမြို့နယ်တွင် ၂ဝ၁၂ ခုနှစ် ခန့်အထိ ဆားလုပ်ငန်းလုပ်ကိုင်သူဦးရေ ၁၃ဝ ကျော် ရှိခဲ့သော်
လည်း ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ဆားလုပ်ငန်းလုပ်ကိုင်သူမှာ ၆၅ ဦးခန့်သာ ကျန်ရှိတော့ကြောင်း၊
နောက်ပိုင်းတွင် ဆားလုပ်ငန်းများမှာ အရှုံးပေါ်သဖြင့် လုပ်ကိုင်ခြင်းမရှိတော့ကြောင်း မွေးမြူရေး
လုပ်ငန်းရှင် ဦးစိုးသာဦးက ပြောကြား ခဲ့သည်။ ထို့ပြင် ငါး၏အစာ ဖြစ်သော အာဒီမီးယားကို
ပြည်ပနိုင်ငံမှ မှာယူနေရသော်လည်း ပြည်တွင်းရှိ ဆားကွင်းများ၌ အာဒီမီးယားက မွေးမြူနိုင်သည့်
အခြေအနေ ရှိကြောင်း သိရသည်။

ဆားကွင်းနေရာများကို လိုက်လံ လေ့လာ ရာတွင် အာဒီမီးယားမွေးမြူမည်ဆိုပါက အဆင်ပြေနိုင်
ကြောင်း၊ အာဒီမီးယားမွေးမြူရေးလုပ်ငန်းကို ငါးလုပ်ငန်း တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်မည်
ဆိုလျှင် ပြန်လည်အဆင်ပြေလာနိုင်ကြောင်း၊ ဒေသခံများကိုယ်တိုင် လက်တွဲလုပ်ကိုင်လိုသူများလည်း
ရှိသောကြောင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေးကို တင်ပြသွားရန် ရှိ ကြောင်း မွေးမြူရေးလုပ်ငန်း
ရှင် ဦးဟန်မင်း၏ ပြောကြားချက်အရ သိရသည်။