မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု
ချီးမြှင့်ပွဲအတွက် ရွှေစင်ရုပ်ထုများ ကိုင်ဆောင်မည့် ရွှေကြိုလျှောက်လွှာများကို ခေါ်ယူ
ရာတွင် လျှောက်ထားသူ အယောက် ရ၀၀ နီးပါးရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်း
အရုံး၏ ထုတ်ပြန်ချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၂
ရက်က ဖော်ပြထားသည်။
အဆိုပါ လျှောက်လွှာများကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ဇန်န
၀ါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားကာ လက်ခံခဲ့ကြောင်း၊ လျှောက်လွှာပိတ်ပြီး ၅ ရက်၊
၆ ရက်ခန့်တွင် ဖောင်များ၊ ဓာတ်ပုံများကို ကြည့်ရှုမည် ဖြစ်ပြီး ရက် သတ်မှတ်ကာ ထပ်မံ
ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ ဖောင်လာရောက်ထုတ်ယူသူ ၈၈၄ ဦး ရှိပြီး ဖောင်တင်သူ
၆၉၃ ဦး ရှိကြောင်း၊ လျှောက်ထားသူအရေအတွက်မှာ ယခင်နှစ်ကထက် ပိုမိုများပြားပြီး
ယခုနှစ်တွင် ဆန်ကာတင် ယောက်ျားလေးနှင့် မိန်းကလေး ၈ ယောက်စီ ရွေးချယ်မည်
ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောကြား
ခဲ့သည်။
ရွှေကြိုလျှောက်လွှာတင်ထားသူများသည် အသက် ၁၆ နှစ် မှ ၂၅ နှစ် အထိ ရှိရမည်ဖြစ်ပြီး
မှတ်ပုံတင် မိတ္ထူ ပါ ပူးတွဲတင်ပြရကြောင်း၊ သတ်မှတ်အရပ်မှာ ယောက်ျားလေးဖြစ်ပါက
၅ ပေ ၆ လက်မမှ ၆ ပေ အထိ၊ မိန်းကလေး ဖြစ်ပါက ၅ ပေ ၃လက်မမှ ၅ပေ ၆ လက်မ
အထိ သတ်မှတ်ထားကာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တိုင်းတာပေးကြောင်း၊ နိုင်ငံ
တကာဆုရရှိထားသော အလှမယ်များအနေဖြင့် လျှောက်ထားခွင့် မရှိကြောင်း သိရသည်။
ယခုနှစ် ရွှေကြိုကော်မတီတွင် အကယ်ဒမီမေသန်းနုက ရွှေကြိုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်
ထားပြီး အကယ် ဒမီရန်အောင်၊ အကယ်ဒမီ ရဲအောင် ၊ အကယ်ဒမီမို့မို့မြင့်အောင်စသော
အနုပညာရှင်ကြီးများအပါအဝင် မီဒီယာမှ ပုဂ္ဂိုလ်များလည်း ပါဝင် အကဲဖြတ်ကြမည်ဟု
ဆိုသည်။










