ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် Palm Spring Hotel ရှေ့တွင် မြစ်ဆုံရေအား
လျှပ်စစ်စီမံကိန်း လုံးဝရပ်ဆိုင်းပေးရန် ဒေသခံပြည်သူများ စုပေါင်းဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီ
၃၁ ရက်က ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ
၂ ရက်က ဖော်ပြထားသည်။
အဆိုပါဟိုတယ်တွင် မြစ်ဆုံရေကာတာကို အားပေးသော အစည်းအဝေးပြုလုပ်နေကြောင်း၊ မြစ်ကြီး
နားတွင်သာမက အခြားမြို့နယ်များတွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသဖြင့် ဒေသခံပြည်သူများ
စိုးရိမ်ပူပန်ကာ ယခုကဲ့သို့ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲကျေးရွာမှ အောင်မြင်သာစံပြကျေးရွာသို့ ပြောင်းရွှေ့လာသူ ဒေါ်ဂျာခေါန်က ပြောကြားခဲ့သည်။
စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန် လယ်ယာမြေမရှိသောကြောင့် ကျန်းမာရေး၊ လူမှုရေး
နှင့် ကလေးများ၏ ကျောင်းစရိတ်အခက်အခဲဖြစ်နေသည့်အတွက် ယခင်နေရာတွင် လွတ်လွတ်လပ်လပ်
ပြန်နေလိုကြောင်း၊ လက်ရှိအစိုးရအနေဖြင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အချိန်မဆွဲဘဲ အမြန်ဆုံး ရပ်ဆိုင်းပေးစေလိုကြောင်း၊ ပြည်သူက အားကိုးပြီး ရွေးချယ်တင်မြှောက်ပေးထားတဲ့ အစိုးရ ဖြစ်သည့်
အတွက် ပြည်သူ့အသံကို နားထောင်ပေးစေလိုကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ဧရာဝတီအထက်ပိုင်း မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီ၏ မြစ်ကြီးနား ဆက်ဆံရေး
ရုံး တာဝန်ခံ Mr. Zhang Hugwt ကမူ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း လုပ်ဖြစ်၊ မလုပ်ဖြစ််မှာ လက်ရှိ
အစိုးရနှင့် ပြည်သူများ၏ သဘောထားပေါ်တွင် မူတည်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လုံးဝရပ်ဆိုင်းပေးရန် ဆန္ဒထုတ်ဖော်ပွဲတွင် ဒေသခံပြည်သူ
၃ဝ ခန့် ပါဝင်ခဲ့ကြပြီး ဧရာဝတီ မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်း (လုံးဝ) ရပ်ဆိုင်းရေး၊ ဧရာဝတီ
မြစ် ကို ပြည်သူများ ပိုင်ဆိုင်နိုင်ရေး၊ ဧရာဝတီမြစ် ထာဝစဉ်လွတ်လပ်စွာ စီးဆင်းရေး၊ ဒေသခံပြည်သူများ
ယခင်နေရာသို့ လွတ်လပ်စွာနေထိုင်ခွင့်ရရှိရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း
သိရသည်။










