ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေမြို့မှ ပြည်နယ်တောင်ပိုင်းရှိ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊
တောင်ကုတ် စသည့် မြို့များသို့ ပြေးဆွဲပေးနေသည့် သင်္ဘောခရီးစဉ်များကို ရပ်တန့်ထား
ရာမှ ဖေဖော်ဝါရီလအတွင်း ရောက်ရှိလာမည့် ဂျပန်နိုင်ငံမှ လှူဒါန်းသော ကစ္ဆပနဒီ အမှတ်
(၁) သင်္ဘောသစ်ဖြင့် ပြန်လည်ပြေးဆွဲတော့မည် ဖြစ်ကြောင်း မြဝတီသတင်းတစ်ရပ်တွင်
ဖေဖော်ဝါရီလ ၂ ရက်က ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွက် ဂျပန်နိုင်ငံမှ လှူဒါန်းပေးထားသော သင်္ဘောသုံးစီးအနက် တစ်စီးမှာ
ဖေဖော်ဝါရီလ အတွင်း စစ်တွေသို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ အဆိုပါ သင်္ဘောသစ်ဖြင့် စစ်တွေ-တောင်ကုတ်ခရီးစဉ်ကို ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း၊ စစ်တွေ-တောင်
ကုတ် ခရီးစဉ်လမ်းကြောင်းပေါ်ရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ စသည့် မြို့များသို့လည်း ရောက်ရှိ
မည် ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (စစ်တွေ)မှ လက်ထောက် အထွေထွေ
မန်နေဂျာ ဦးတင်ဝင်းက ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်၊ မတ်လ ၁၃ ရက်က မြေပုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အောင်တံခွန်(၃) သင်္ဘော
နစ်မြုပ်မှု ဖြစ်ပွားခဲ့ ပြီးနောက် ၂ နှစ်ခွဲကြာသည်အထိ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မြေပုံ
မြို့များသို့ သင်္ဘောများ မပြေးဆွဲခြင်း ဖြစ်ကြောင်း၊ ဒေသခံများမှာ စီးပွားရေး၊ လူမူရေး၊ ကျန်မာ
ရေး စသည့် အခက်အခဲများ ကြံုတွေ့နေကြရပြီး ယခင်အတိုင်း သင်္ဘောများ ပုံမှန်ပြေးဆွဲပေး
ရန် ဒေသခံများက လိုလားနေကြကြောင်း သိရသည်။
လက်ရှိတွင် မြေပုံမြို့နယ်ရှိ ဒေသခံများအနေဖြင့် တစ်ပတ်လျှင် ၁ ကြိမ်သာ ထွက်သည့် မြေပုံ-
ကျောက်ဖြူ မော်တော်ဘုတ်နှင့် (၂၅)မိုင်ရှိ မြေပုံ-မင်းပြား ကားလမ်းကြမ်းတို့ကိုသာ အသုံးပြု၍
အခြားမြို့နယ်များနှင့် အဆင်ပြေသလို ဆက်သွယ် ဆောင်ရွက်နေကြရကြောင်း၊ ယခင်က
အောင်တံခွန်သင်္ဘောများဖြင့် တစ်ပတ် လျှင် ၂ ကြိမ် စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့်
တောင်ကုတ်မြို့တို့အား ပုံမှန်ပြေးဆွဲပေးခဲ့သဖြင့် အဆင်ပြေခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သဖြင့် ရေကြောင်းခရီးများကိုသာ အားကိုးနေ
ရပြီး ရခိုင်ပြည်နယ်တွင်း ကုန်စည် ဖလှယ်ပို့ဆောင်ကြရာတွင် စျေးနှုန်းသက်သက်သော သင်္ဘော
များကိုသာ မြို့နယ်အများစုမှ ဒေသခံများ အားထားနေရသည်ဟု ဆိုသည်။









