ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ မဟာဝိဇယစေတီတော်၏ (၃၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ
ပွဲတော်ကို ၁၃၇၈ ခုနှစ် တပို့တွဲလဆန်း ၁၄ ရက်မှ တပို့တွဲလပြည့်ကျော် ၁ ရက် (ဖေဖော်ဝါရီ
၁ဝ ရက်မှ ၁၂ ရက်) အထိ ကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် ဖေဖော်ဝါရီလ ၃ ရက်က ဖော်ပြထားသည်။
မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို တပို့တွဲလဆန်း ၁၄ ရက် (ဖေဖော်ဝါရီ ၁ဝ ရက်) ညနေ ၄ နာရီ
တွင် အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များ၊ အသင်းအဖွဲ့ ၁၈ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကာ
တပို့တွဲလပြည့်နေ့ နံနက်အရုဏ်တွင် စေတီတော်ကြီးအား ပန်း၊ ဆီမီး၊ သစ်သီး၊ ထမနဲ ဆွမ်း
များဖြင့် ကပ်လှူ ပူဇော်မည် ဖြစ်ကြောင်း၊ ပွဲတော်ရက်တွင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ဆရာတော်ကြီးများက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ည ရ နာရီမှ စတင်ကာ သုံးည
တိုင်တိုင် ဓမ္မရက္ခိတဓမ္မာရုံကြီး၌ ဟောကြား ချီးမြှင့်တော်မူကြမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တပို့တွဲလပြည့်ကျော် ၁ ရက် (ဖေဖော်ဝါရီ ၁၂ ရက်) (တနင်္ဂနွေနေ့) နံနက် ရ နာရီတွင်
မြတ်စွာဘုရားအား အမှူးထား၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ စေတီ
တော် သြဝါဒါ စရိယဆရာတော်ကြီးများ အပါအဝင် ဆရာတော်ကြီးများအား စေတီတော်ရင်ပြင်၌ ဆွမ်းဆန်စိမ်း လောင်းလှူမည် ဖြစ်သောကြောင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပါဝင်လှူဒါန်းနိုင်
သည်ဟု ဆိုသည်။









