ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာသော ခေတ်မီအမှိုက်သိမ်းယာဉ်များ၏ တန်ဖိုး
သည် မူရင်းစျေး နှင့် ကွာဟနေသည်ဟု ဝေဖန်မှုများကြောင့် အမှိုက်သိမ်းယာဉ်များ တင်သွင်းခွင့်ရ
ကုမ္ပဏီကို ပြန်လည်စစ်ဆေးရန် အမှိုက်သိမ်းယာဉ် တန်ဖိုးအထောက်အထားများ တောင်းခံထား
ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၃ ရက်က ဖော်ပြထားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့အတွက် အမှိုက်သိမ်းယာဉ်များ
တင်သွင်းခွင့်ကို တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီတစ်ခုက တင်သွင်းခွင့်ရရှိပြီး အမှိုက်သိမ်းယာဉ်များ
၏ ဓာတ်ပုံနှင့်အတူ မြန်မာနိုင်ငံ သို့ တင်သွင်းလာသည့် တန်ဖိုးသည် မူရင်းနိုင်ငံမှ သတ်မှတ်
နှုန်းထားနှင့် ကွာဟနေသည်ဟု လူမှုကွန်ရက် စာမျက်နှာ၌ ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကုမ္ပဏီက ၄င်းတို့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုဖြင့် ပြန်လည်ချေပရန် ပြင်ဆင်ထားပြီး
အမှိုက်သိမ်းယာဉ် တန်ဖိုးများ မှန်ကန်စွာ တင်သွင်းလာခြင်းကို စစ်ဆေးတွေ့ရှိပါက ၄င်းတို့
ကုမ္ပဏီအား စွပ်စွဲပြောဆိုသူများကို တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်း သိရသည်။ လူမှုကွန်ရက်
စာမျက်နှာများတွင် ပျံ့နှံ့နေသော သတင်းများနှင့် ပတ်သက်ပြီး ကုမ္ပဏီထံ စာရွက်စာတမ်းအထောက်
အထားများ တောင်းခံထားကြောင်း၊ တင်သွင်းလာသော တန်ဖိုးကွဲလွဲမှု ရှိ၊ မရှိ ပြန်လည် စစ်ဆေးပြီး
တန်ဖိုးတွေ ကွဲလွဲနေပါက ကုမ္ပဏီကို နာမည်ပျက်စာရင်းတွင် ထည့်သွင်းမည် ဖြစ်ကြောင်း၊ မှန်ကန်
စွာ တင်သွင်းကြောင်း စစ်ဆေးတွေ့ရှိပါက စွပ်စွဲပြောဆိုသူများကို ကုမ္ပဏီမှ တရားစွဲနိုင်ကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့၌ အချိန်တိုအတွင်း သန့်ရှင်းနိုင်သည့် ခေတ်မီ အမှိုက်သိမ်းယာဉ် ၁၁၄ စီးမှာယူထားရာ
ပထမ အသုတ် ရောက်ရှိလာသည့် ၄၂ စီးကို ဇန်နဝါရီလ ၂၇ ရက်က မိတ်ဆက်ခဲ့ကြောင်း၊ အဆိုပါ
အမှိုက်သိမ်းယာဉ်များသည် လူအင်အားဖြင့် ပြုလုပ်ရသော နေရာများ၌ အချိန်တိုတိုဖြင့် လုပ်ဆောင်
နိုင်သော နည်းပညာမြင့် ယာဉ်များ ဖြစ်ကြောင်း သိရသည်။










