ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ပွဲရုံအတွင်းနှင့် ပွဲရုံတစ်ဝိုက်ရှိ လမ်းများ၌
စည်းကမ်းမဲ့ ယာဉ်ရပ်နားပါက ထိရောက်စွာ အရေးယူသွားရန် စီစဉ်ထားကြောင်း ဘုရင့်နောင်ပွဲရုံ
နှင့် ယာဉ်ရပ်နားစခန်းကြီးကြပ်မှုကော်မတီ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်
တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖော်ပြထားသည်။
အဆိုပါ ဘုရင့်နောင်ပွဲရုံဝင်းအတွင်း သာယာရေးနှင့် စည်းကမ်းရှိရေးကို ဆောင်ရွက်လျက် ရှိရာ
ကားကြီးဝင်း အတွင်း အလုပ်ရုံများနှင့် ဆိုင်များ စနစ်ကျစေရေးနှင့် ကားကြီးဝင်းအတွင်း ကုန်တင်
ယာဉ်များ စနစ်တကျ ရပ်နားနိုင်စေရေးအတွက် စည်းမျဉ်းများ ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း၊
စည်းကမ်းမဲ့ ယာဉ်ရပ်နားထားသည်ကို တွေ့ရှိပါက ကားကြီးတစ်စီးလျှင် ငွေကျပ် နှစ်သောင်း၊
ကားသေးတစ်စီးလျှင် ငွေကျပ် တစ်သောင်း ဒဏ်ရိုက်သွားမည် ဖြစ်ကြောင်း ကော်မတီမှ တာဝန်
ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် လမ်းပေါ်၌ ပိုင်ရှင်မရှိဘဲ အချိန်ကြာမြင့်စွာ ရပ်နားထားသည့် ယာဉ်များကို ခွင့်ပြုမည် မဟုတ်
ဘဲ ယာဉ် ရပ်နားခြင်း မပြုရန် ပွဲရုံတစ်ဝိုက်၌ သတိပေးဆိုင်းဘုတ်များကို ကပ်၍ သတိပေးလျက် ရှိ
ကြောင်း သိရသည်။










