မွန်ပြည်နယ်၊ ၀င်းစိန်တောရ၌ ကမ္ဘာ့အကြီးဆုံး အတောင် ၆၀၀ ပြည့် လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကြီးကို သုံးနှစ်အတွင်း ပြီးစီးအောင် တည်ထားမည်

မွန်ပြည်နယ်၊ ၀င်းစိန်တောရ၌ ကမ္ဘာ့အကြီးဆုံး အတောင် ၆၀၀ ပြည့် လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကြီးကို သုံးနှစ်အတွင်း ပြီးစီးအောင် တည်ထားမည်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ၊ ဝင်းစိန်တောရ၌ တည်ထားကိုးကွယ်မည့် ကမ္ဘာ့
အကြီးဆုံး အတောင် ၆ဝဝ ပြည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကို သုံးနှစ်အတွင်း အပြီး
တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေ၏ ပြောကြားချက်ကို
ကိုးကားကာ မြဝတီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ကမ္ဘာ့အကြီးဆုံး အတောင် ၆ဝဝ ပြည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကို မြန်မာ
သက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဝင်းစိန်တောရကျောင်းဆရာတော် အဘိဓဇ
အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကေသရ ဆရာတော်ကြီးက အုတ်မြစ်ချခဲ့ခြင်း
ဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်နေဆဲ ၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် ဆရာတော်
ဘုရားကြီး ဘဝနတ်ထံပျံလွန်တော်မူခဲ့သဖြင့် ဆက်လက် တည်ဆောက် ရန် ကျန်ရှိသည့် ဘုရား
ကြီးကို ဇေကမ္ဘာကုမ္ပဏီမှ ငွေကျပ်သိန်း ၁ဝဝဝဝ လှူဒါန်းကာ တစ်လလျှင် ငွေကျပ် သိန်း ၃ဝဝ
နှုန်းဖြင့် သုံးနှစ်အတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

အတောင် ၆ဝဝ ပြည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကို အရှေ့အရပ်သို့ ဦးခေါင်းတော်ပြု၍
တည်ထားကာ လက်ရှိတွင် ပင်မကွန်ကရစ်တိုင်ကြီးများ ထောင်ထားပြီး ဦးခေါင်းတော်သံဆန်ခါ
ရက်လုပ်ကာ သံကူ ကွန်ကရစ် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးအဖြစ် တည်ထားမည်ဟု
ဆိုသည်။

၀င်းစိန်တောရကျောင်း ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် ဆရာတော်၏ မိန့်မှာချက်အတိုင်း
ကျန်ရှိနေသည့် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်ကို ဇေကမ္ဘာကုမ္ပဏီက စံကျောင်းတော်
ဆောက်လုပ်ပြီး လူအများဖူးမြော်နိုင်ရန် ထားရှိကြောင်း၊ ဆရာတော်ကြီးအား လာရောက်ဖူးမြော်
သော ခုနစ်ရက် သားသမီးများကလည်း လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်ရန်
အလှူငွေများ လှူဒါန်းလျက် ရှိသည်။