ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော မြို့ပတ်ရထားများတွင် စီးနင်းသူဦးရေ တိုးတက်လာသည်နှင့်အမျှ
တစ်လစာ ကြိုဝယ်ရထားလက်မှတ်ဖြင့် ဝယ်ယူစီးနင်းသူ အရေအတွက် များပြားလာကြောင်း မြန်မာ့
မီးရထားလုပ်ငန်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
ဖေဖော်ဝါရီလ ၆ ရက်က ဖော်ပြထားသည်။
အဆိုပါ တစ်လစာ ကြိုဝယ် ရထားလက်မှတ်များသည် နေ့စဉ် ဝယ်ယူရသည့် လက်မှတ်ခ နှုန်းထား
ထက် သက်သာသည့်အပြင် လက်မှတ်ရုံ၌ နေ့စဉ်ဝယ်ယူရသည့် ဒုက္ခမှ ကင်းဝေးသဖြင့် အသုံးပြု၍
စီးနင်းသူများပြား လာခြင်းဖြစ်သည်။ အဆိုပါ လက်မှတ်စနစ်စတင်ချိန်တွင် အသုံးပြုသူဦးရေ ၃၆ဝဝ
ခန့်သာရှိခဲ့ရာမှ ယခုအခါ တစ်လစာကြိုဝယ် ရထားလက်မှတ်စနစ်ဖြင့် စီးနင်းသူဦးရေသည် တစ်လ
လျှင် ၄ဝဝဝ ကျော်မှ ၅ဝဝဝ ကျော် အထိ ရှိလာသည်ဟု ဆိုသည်။
ရန်ကုန်မြို့တွင်း YBS ဘတ်စ်ကားစနစ်များ ပြောင်းလဲပြေးဆွဲပြီးနောက် တစ်ဆင့်တည်းဖြင့် မြို့ထဲ
သို့ အရောက်လာနိုင်သော မြို့ပတ်ရထားများကို ရွေးချယ်စီးနင်းသူများပြားလာသည့်အတွက် မြန်
နှုန်းမြှင့် ပြေးဆွဲနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း မြို့ပတ်ရထားစီးခများအနေဖြင့် ငွေကျပ် ၁ဝဝ တန် (၁၅ မိုင်) လက်မှတ်အတွက်
ငွေကျပ် ၃၃၅ဝ ကျသင့်မည် ဖြစ်ပြီး ငွေကျပ် ၂ဝဝ တန် (၁၅ မိုင် အထက်) လက်မှတ်အတွက် ငွေ
ကျပ် ၆၇ဝဝ ကျသင့်မည် ဖြစ်သည်။
ပုံမှန်အားဖြင့် ၁ဝ မိနစ် တစ်စင်းနှုန်း ပြေးဆွဲပေးနေပြီး ပြည်သူများ အရေးပေါ် လိုအပ်လာပါက
ပြေးဆွဲနိုင်ရန် အင်းစိန်ဘူတာ၌ တွဲဆိုင်းနှစ်ဆိုင်း၊ ရန်ကုန်ဘူတာကြီး၌ တွဲဆိုင်းသုံးဆိုင်းနှင့်
လှော်ကားဘူတာ၌ တွဲဆိုင်းနှစ်ဆိုင်းတို့ကိုလည်း မြန်မာ့မီးရထားလုပ်ငန်းက အရန်သင့် စီစဉ်
ပေးထားကြောင်း သိရသည်။










