ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိဘုရားအား မူလလက်ရာအတိုင်း အပူဇော်
ခံနိုင်ရေးအတွက် ယခင်အစိုးရလက်ထက်က လှူဒါန်းထားခဲ့သော မဟာမုနိစလွယ်တော်၊ မကိုဋ်
တော်နှင့် နားဒေါင်းတော်တို့အား ပြည်သူများ၏ ဆန္ဒအတိုင်း ဖေဖော်ဝါရီ ၅ ရက် ၊ ညနေ ၄ နာရီ
မိနစ် ၃၀ အချိန်က ဖယ်ရှားပေးခဲ့ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၆ ရက်က
ဖော်ပြထားသည်။
မဟာမြတ်မုနိဘုရားတွင် မူလက မပါရှိခဲ့သော စလွယ်တော်နှင့် ဆက်စပ်ပစ္စည်းများ ဖယ်ရှားပေးရေး
အတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များမှ ဒေသခံ ထောင်ချီ၍
ကျောက်တော်မြို့နယ်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ရာ ဆရာတော်ကြီးများ၊ ဒေသ
အာဏာပိုင်နှင့် ပြည်သူ များ ဆွေးနွေးညှိနှိုင်းပြီး တစ်ဆက်တည်း ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဆန္ဒပြ တောင်းဆိုရာတွင် ပါဝင်သည့် ရွှေသင်္ကန်း ဆက်ကပ်မလှူရန် ကိစ္စ၊ ဘုရားဂေါပကအဖွဲ့
ပြန်လည် ဖွဲ့စည်းရေးနှင့် ဘုရားဘဏ္ဍာတော် ငွေစာရင်းကိစ္စများတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်
ရေးကိစ္စများ ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးကြောင်း ဆန္ဒထုတ်ဖော်သူတို့က ပြောကြားခဲ့
သည်။
လက်ရှိ ဖယ်ရှားခဲ့သည့် စလွယ်တော်၊ မကိုဠ်တော်နှင့် နားဒေါင်းတို့မှာ ယခင်အစိုးရလက်ထက်တွင်
ဆင်ယင်ခဲ့ ခြင်း ဖြစ်ပြီး ရခိုင်လူထုက ယတြာလုပ်သည်ဟု ထင်မြင်၍ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။ မဟာ
မြတ်မုနိဘုရားမှာ ဓညဝတီခေတ်တွင် ရခိုင်ဘုရင်စန္ဒသူရိယမင်းမှ ရတနာကိုးပါးဖြင့် သွန်းလုပ်ပူဇော်
ခဲ့သည့် ဘုရားတစ်ဆူ ဖြစ်ကြောင်း သိရသည်။










