ရန်ကုန်မြို့ရှိ အဓိကဆေးရုံကြီးခြောက်ခု၌ ဆေးရုံလုပ်ငန်းတာဝန်များ၊ ကျန်းမာရေးစောင့်ရှောက်မှု
အပေါ် ဆေးရုံတက် လူနာများ၏ စိတ်ကျေနပ်မှု အခြေအနေများနှင့် ပတ်သက်၍ သုတေသီပညာရှင်
၆ဝ ဦးက လေ့လာမှု သုတေသန စစ်တမ်း ပြုလုပ်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး
ဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ
၇ ရက်က ဖော်ပြထားသည်။
သုတေသနပြုလုပ်မည့် ဆေးရုံကြီးများမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန် အထွေထွေရောဂါကု
ဆေးရုံသစ်ကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ခုတင် ၅ဝဝဆံ့ ဆေးရုံသစ်ကြီး၊ အရိုးရောဂါကုဆေးရုံ
ကြီးနှင့် ဗဟိုအမျိုးသမီး ဆေးရုံကြီးတို့ ဖြစ်ပြီး ဆေးရုံ၏ Reception Services တွင် လူနာနှင့် ဝန်ထမ်း
များကြား ဆက်ဆံရေး အဆင်ပြေ ချောမွေ့စေရေးကို ပေါင်းကူးဆက်သွယ်ဆောင်ရွက်ပေးရန်၊ လူနာ
စောင့်များ၏ စိတ်ဖိစီးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ရန်နှင့် ကုသရေးဦးစီးဌာန၏
ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း
သိရသည်။
ထို့ပြင် လူနာများ စိတ်ကျေနပ်မှု ရရှိစေရန်နှင့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်
မှုများ ပေးနိုင်ရန် ဆေးလူမှုဆက်ဆံရေးဌာနမှ ဦးဆောင်၍ ဆေးရုံ ကြိုဆိုလမ်းညွှန်ရေးဝန်ဆောင်မှု
လုပ်ငန်းကို ဗဟိုအဆင့် ဆေးရုံကြီးများ၌သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ခုတင်-၂ဝဝ
နှင့် အထက် ပြည်သူ့ဆေးရုံကြီးများ၊ ခုတင်-၁ဝဝ ဆံ့ ဆေးရုံများတွင်ပါ တိုးချဲ့လုပ်ဆောင်သွားမည်ဟု
ဆိုသည်။










